ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိခဲ့သော ကချင်ပြည်နယ်အတွင်းမှ ဘဏ်ခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်းဆောင်ရည်ဆု ရရှိခဲ့သော ကချင်ပြည်နယ်အတွင်းမှ ဘဏ်ခွဲများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲ တွင် ဆုတံဆိပ်များရရှိအောင် စွမ်းဆောင်နိုင်သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     သြဂုတ် ၄

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး ကဏ္ဍအလိုက် ထူးချွန်စွာ ကြိုးပမ်းဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာများ၊ လူပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် အားကစားသမား များအား ဂုဏ်ပြုချီးမြှင့်ပေးလျက်ရှိရာ သြဂုတ် ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်း အတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌  မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် လုပ်ငန်းစွမ်း ဆောင်ရည်ဆုရရှိခဲ့သူများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ဆုများ ရရှိခဲ့သော ပြည်နယ်လက်ရွေးစင်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။

          ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးစသည့် ကဏ္ဍများစွာကို တစ်ပြေးညီဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဌာနဆိုင်ရာ များအနေဖြင့်လည်း သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ ကြောင့် ယခုကဲ့သို့ ဆုတံဆိပ်များကို ရရှိခဲ့ခြင်းသည် မိမိတို့၏ ကြိုးပမ်းမှုများ၏ အကျိုးရလာဒ်ပင် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့ ကချင်ပြည်နယ်အတွက် ကဏ္ဍများအလိုက် ထူးချွန်ဆုများရရှိ အောင် ကြိုးစားစွမ်းဆောင်ခဲ့သူများကို ပြည်နယ်ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် နောင်ကိုလည်း ယခုထက်ပို၍ ကြိုးစားစွမ်းဆောင်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြု ပြောကြားသည်။

          ထို့နောက် ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်ဝန်ကြီးချုပ်က နှစ်(၇၀)ပြည့် ဘဏ် နှစ်ပတ်လည်အခမ်းအနားတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများအနက် ကချင်ပြည်နယ်မှ (ခ) အဆင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘဏ်ခွဲများအလိုက် လုပ်ငန်းစွမ်းဆောင်ရည်ဆု (တတိယဆု) ရရှိခဲ့သော ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် (က)အဆင့် ခရိုင်ဘဏ်ခွဲအလိုက် လုပ်ငန်းစွမ်း ဆောင်ရည်ဆု(ပထမဆု)ရရှိခဲ့သော မိုးညှင်းခရိုင်ဘဏ်ခွဲတို့အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်သည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံး ညွှန်ကြားရေးမှူးတို့က (ခ)အဆင့် ခရိုင်ဘဏ်ခွဲအလိုက် သတ်မှတ်ရက်ကျော်လွန်ပြီးမှ ချေးငွေ ပြေကျေမှုဘဏ်ခွဲဆုနှင့် NPL ကြွေးကျန်မရှိအောင် ဆောင်ရွက်နိုင်မှုဆုရရှိခဲ့သော ဗန်းမော်ခရိုင် ဘဏ်ခွဲအား လည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ (၄၇)ကြိမ်မြောက် တိုင်းဒေသကြီးနှင့် ပြည်နယ်ကာယဗလ နှင့် ကာယကြံ့ခိုင်မှုအားကစားပြိုင်ပွဲတွင် ငွေတံဆိပ်(၃)ခုနှင့် ကြေးတံဆိပ် (၂)ခု ရရှိအောင်စွမ်းဆောင် နိုင်ခဲ့သော ပြည်နယ်လက်ရွေးစင်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်း လွှာများကို လည်းကောင်း၊ ဖူဆယ်ပြိုင်ပွဲဝင် အမျိုးသား/ အမျိုးသမီးအသင်းတို့အတွက် ချီးမြှင့်ငွေ များကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ပြည်နယ်လယ်ယာဖွံ့ဖြိုးရေးဘဏ် ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

အလားတူ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂၁ ရက်နေ့ကလည်း တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်တွင် နိုင်ငံ့စီးပွားဖွံ့ဖြိုးမှုလုပ်ငန်းနှင့် ပြည်နယ်ဘဏ္ဍာရန်ပုံငွေတို့မှ အသင်းဖွံ့ဖြိုးရေးအတွက် အများဆုံးစွမ်းဆောင်ရွက်နိုင်သည့် ဒုတိယဆုနှင့် ကဏ္ဍပေါင်းစုံဆောင်ရွက် နိုင်သည့် ပထမဆုနှင့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစီးစွမ်းဆောင်နိုင်သည့် စွမ်းဆောင်ရည်အကောင်းဆုံးဆုရ ပြည်နယ်သမဝါယမဦးစီးဌာနနှင့် မြစ်ကြီးနားမြို့နယ် သမဝါယမ ဦးစီးဌာနတို့အားလည်းကောင်း၊ ကျေးလက်စီးပွားမြှင့်မားရေးရန်ပုံငွေထူထောင်ခြင်း လုပ်ငန်းစီမံကိန်း ဖြင့်ဆောင်ရွက်ခြင်း၌ ဌာန၏ ကြီးကြပ်ကွပ်ကဲမှုအားကောင်းခြင်း တတိယဆုရ ဗန်းမော်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအား လည်းကောင်း၊ ၂၀၂၃ ခုနှစ် ထူးချွန်ကြက်ခြေနီ အမျိုးသမီးအဖြစ် ရွေးချယ်ခြင်းခံရသော လူပုဂ္ဂိုလ်နှင့် ကရာတေးထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။