ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်သန်ဖြစ်ထွန်းမှုကို ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများ  ရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးပြီး မိုးစပါးများ ပန်းတိုင်အထွက်နှုန်းရရှိရေး ရှင်သန်ဖြစ်ထွန်းမှုကို ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၁၁

          ကချင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးမှု ရည်မှန်းချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင် ရေးနှင့် ပန်းတိုင်အထွက်နှုန်း တိုးပွားစေရေးအတွက် စိုက်ပျိုးရေ အပါအဝင် သွင်းအားစုများကို  ဖြည့်ဆည်းပေးနိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲက မြစ်ကြီးနားမြို့ရှိ မိုးစပါးစိုက်ဧကများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ဒူဝါဇော်ရစ်လမ်းမ ဘေးနှင့် ကျောက်စိမ်းလမ်းမဘေးရှိ စီတာပူရပ်ကွက်အတွင်းနှင့် တပ်ကုန်းကွင်းအတွင်းရှိ လယ်ဧက ၁၅၀ တွင် ဆင်းဧကရီ -၃ မိုးစပါးများ စိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ပလပ်မြေဧရိယာဖြစ်ပေါ် နေသည့် လယ်မြေများ စိုက်ပျိုးချိန်အတွင်း စိုက်ပျိုးနိုင်ရေးနှင့် လယ်မြေများတွင် ကျူးကျော်ခြံများ၊ အဆောက်အအုံများ တည်ဆောက်မှုများအပေါ် ဥပဒေနှင့် အရေးယူဆောင်ရွက်နေမှု အခြေအနေများ ကို ကွင်းဆင်းစစ်ဆေးပြီး ပြည်နယ်ဝန်ကြီးချုပ်က လယ်မြေများ ဆုံးရှုံးလျော့နည်းမှု မရှိစေရေးနှင့် မိုးစပါးရာနှုန်းပြည့်စိုက်ပျိုးနိုင်ရေးအပြင် သီးထပ်သီးနှံများဆက်လက်စိုက်ပျိုးနိုင်ရေး ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် တပ်ကုန်းကွင်းနှင့် မန်ခိန်ကွင်းအတွင်းရှိ ဧက ၁၀၀ တင်း ၁၀၀ ဗလမင်းထင် စံပြစိုက်ကွက်အတွင်း ဆင်းဧကရီ-၃ စပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ရှင်သန်ဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးပြီး မိုးစပါးခင်းများ ပန်းတိုင်အထွက်နှုန်း တိုးပွားစေရေး၊ သဘာဝဘေးဒဏ်နှင့် သီးနှံဖျက်ပိုးပွှားများအန္တရာယ် ကင်းဝေးရေး တောင်သူများအား အသိပညာပေးနိုင်ရေးတို့ကို ကြိုတင်ဆောင်ရွက်ထားရှိရေးနှင့် အဆိုပါ စိုက်ဧကအတွင်း ဖြတ်သန်း စီးဆင်းသည့် အင်ဂျန်းခချောင်း၏ ပင်မမြောင်းအတွင်း တောင်သူအကျိုးဖြစ်ထွန်းစေရေး ငါးမျိုး ၂ သိန်းစိုက်ထည့်ပေးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။