ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွင်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အားကစားသမားနားနေဆောင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရှိ အခြေခံပညာကျောင်းများအတွင်း စုပေါင်း သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် အားကစားသမားနားနေဆောင် တည်ဆောက်နေမှုများကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     သြဂုတ် ၂၆

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်၍ မြို့ / ရွာများ သန့်ရှင်းသာယာလှပလာစေရေး အတွက် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၂၆ ရက် နံနက် ၇ နာရီခွဲက မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် နှင့် ပြည်နယ်ဝန်ကြီးများသည် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းဝင်းအတွင်း ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများ၏ သစ်ပင်ခြုံနွယ်များ ခုတ်ထွင် ရှင်းလင်းပေးခြင်း၊ အမှိုက်များကောက်ယူသိမ်းဆည်းခြင်းနှင့် ရေနုတ်မြောင်းများ တူးဖော် ပေးခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ရွှေညောင်ပင်ရပ်ကွက် အတွင်းရှိ အမှတ် (၇) အခြေခံပညာအလယ်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာများနှင့် အတူ စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ သီတာ ရပ်ကွက်အတွင်းရှိ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင်၊ ငြိမ်းချမ်းသာယာကွင်းအတွင်း ရေကူးကန်ဘေးမြေကွက်လပ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ပုံငွေကျပ် (၃၉၆ ဒဿမ ၄) သန်း ဖြင့် အားကစားသမားများ နားနေဆောင် ၉၀ ပေ × ၃၀ ပေ (၃)ထပ် RC အဆောက်အအုံ တည်‌ဆောက်ရေးလုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက် မနောကွင်းအတွင်း မနောကွင်းသန့်ရှင်းသာ ယာလှပရေးနှင့် စိမ်းလန်းစိုပြေစေရေးအတွက် စည်ပင်သာယာရေးအဖွဲ့မှ အရာထမ်း/ အမှုထမ်း များ၊ မြန်မာနိုင်ငံကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းမှ တိုင်းရင်းသားမျိုးနွယ်စုခေါင်းဆောင်များ၊ Kachin State Clean & Green Team မှ တာဝန်ရှိသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မနောကွင်းဝင်းအတွင်း မြေယာပြုပြင်၍ အလှပန်းပင်များ ပုံဖော်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ မနောပွဲတော်တွင် အသုံးပြုသည့် မနောစတိတ်စင် ပြုပြင်ဆောက်လုပ်နိုင်ရေးအတွက် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။