ကချင်ပြည်နယ်ဝန်ကြီးချုပ် ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပေး၊ ငြိမ်းချမ်းသာယာရေကူးကန်အခြေအနေအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား   ဇူလိုင် ၁၈

         ရာသီဥတုပြောင်းလဲမှုနှင့် အပူဒဏ်ကာကွယ်နိုင်ရေး၊ အများပြည်သူအားကစားပြုလုပ်ရာနေရာများ စိမ်းလန်းစိုပြည်ရေးကိုရည်ရွယ်၍ ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်၊ ငြိမ်းချမ်းသာယာအားကစားဝင်းအတွင်း ဇူလိုင် ၁၈ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

          ထိုသို့ ကျင်းပရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်သစ်တောဦးစီးဌာနနှင့်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဝန်ထမ်းများ၊ အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းမှ ဆရာ၊ ဆရာများနှင့် ကျောင်းသူလေးများက ငြိမ်းချမ်း သာယာအားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံနှင့် ရေကူးကန်ရှေ့၊ ဂျူဒိုအားကစားရုံရှေ့တို့ တွင် အရိပ်ရအပန်းပွင့်သည် ခရေ၊ ကံ့ကော်၊ စိန်ပန်း စသည့် ပျိုးပင်ပေါင်း ၁၅၀ ပင်အား သတ်မှတ်နေရာအသီးသီး၌ တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုး တက်ရောက်စိုက်ပျိုးပေးကြသူများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက် ကူးခဲ့ကြသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ငြိမ်းချမ်းသာယာရေကူးကန်သို့ သွားရောက်ပြီး ရေကူးကန်အား ပြည်နယ်၏ ရေကူးအားကစားနည်းဖွံ့ဖြိုးတိုးတက်စေရေး စနစ်တကျလေ့ကျင့်သင်ကြားနိုင်ရေး၊ ပြင်ဆင်ဆောင်ရွက်စရာရှိသည်များကို ပြုပြင်ဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အားကစားရုံ/ အားကားကွင်းများသည် အားကစားလေ့ကျင့်သူများအပြင် လာရောက်လေ့လာကြည့်ရှုသူများပါ အလွယ်တကူဝင်ရောက်ခွင့် ပေးရေး၊ ထိုအထဲမှ အားကစားနည်းအလိုက် ကြိုးစားပြီးထက်မြက်သည့် လူငယ်အားကစားသမားများကို ရွေးထုတ်လေ့ကျင့်ပေးရေး တာဝန်ရှိသူများက စောင့်ကြပ်ကကြည့်ရှုပေးကြရမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

          အဆိုပါ ငြိမ်းချမ်းသာယာရေကူးကန်ကို ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၁၉၀၀)ဖြင့် နိုင်ငံတကာအဆင့်မီ အလျား (၅၀)မီတာ၊ အနံ (၂၅) မီတာနှင့် ရေကူးပြေးလမ်း (၁၀)လမ်းဖြင့် ရေကူးကန် အတွင်း အလျား (၉)မီတာ၊ အနံ (၅) မီတာရှိ LED အမှတ် ပေးဆိုင်းဘုတ်အပါအဝင် ဂါလံ(၁)သိန်းဆံ့ မြေအောက်ရေကန်နှင့် အသံစနစ်၊ ခေတ်မီရေသန့်စင်သောစနစ်များပါဝင်သည့်အဆင့်မြင့်ရေကူးကန်တစ်ခုဖြစ်သည့်အပြင်တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ပထမဆုံး ရရှိသော ရေကူးကန်ဖြစ်ကြောင်း သိရသည်။