မြစ်ကြီးနား ဇူလိုင် ၂၄
ကချင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်စီမံမှုဖြင့် ပြည်နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲအဖွဲ့ဝင်များက ငလျင်ဘေးအန္တရာယ်ဆိုင်ရာ သိသင့်သိထိုက်သည့်အချက်များ၊ သတိပြုလိုက်နာ၍ ကြိုတင်ကာကွယ်ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အများပြည်သူနှင့် ကျောင်းသား/ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၄ ရက် နံနက် ၉ နာရီက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ငလျင်နှင့်ပတ်သက်ပြီး စစ်ကိုင်းပြတ်ရွေ့သည် မိမိတို့နိုင်ငံကို တောင်နှင့်မြောက်သွယ်တန်းလျက်ရှိပြီး သက်ရှင်ပြတ်ရွေ့တစ်ခုဖြစ်ဖြစ်ကာ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များအပြင် ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့လည်းပါဝင်ပါကြောင်း၊ ပြီးခဲ့သည့် မတ်လ (၂၈)ရက်နေ့က ဖြစ်ပွားခဲ့သည့် ရက်ချ်တာစကေး (၇.၇) ပြင်းအား ရှိ မန္တလေးငလျင်ကြီးကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုတွင် လူသေဆုံးမှုများအပြင် ဆုံးရှုံး ထိခိုက်မှုကြီးမားစွာ ကြုံတွေ့ခဲ့ရသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် အပြင်းထန်ဆုံးငလျင်ဒဏ်ခံနိုင်သည့် ဒေသ (၄) ခုကို သတ်မှတ်ထားပြီး ပြည်နယ်အတွင်းရှိ ပူတာအို-တနိုင်းစသည့် ဒေသများပါဝင်ပါကြောင်း၊ ထို့ကြောင့် ငလျင်ဘေးနှင့်ပတ်သက်ပြီး ပြည်သူများထဲထဲဝင်ဝင်သိရှိနေရမည်ဖြစ်သကဲ့သို့ သဘာဝဘေးအန္တရာယ်လျော့ပါးရေးလုပ်ငန်းများ ဆောင်ရွက်သည့်အခါတွင် မိမိကိုယ်တိုင်က ပါဝင်နေရမည်ဖြစ်သကဲ့သို့ မိမိပတ်ဝန်းကျင်ကိုပါ ပါဝင်ဆောင်ရွက်ကြရန်၊ လိုက်နာဆောင်ရွက်ကြရန် စဉ်ဆက်မပြတ် နှိုးဆော်နေကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ငလျင်ဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ အသိပညာပေးဟောပြောရာ မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက Earthquake in Kachin State ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ငလျင်ဘေးအပါအဝင် သဘာဝဘေးနှင့်စပ်လျဉ်း၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ထုတ်ပြန်ထားသည့် ဥပဒေ/ နည်းဥပဒေများပါ အချက်အလက်များ၊ ကျောင်း ကော်မတီများဖွဲ့စည်းခြင်းနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကိုလည်းကောင်း၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ တာဝန်ခံအရာရှိ ဦးနိုင်လင်းထွေးက သဘာဝဘေးဖြစ်စဉ်များနှင့်စပ်လျဉ်း၍ ထုတ်ပြန်ကြေညာချက်များအပေါ် လေ့လာမှတ်သားနိုင်သည့် အချက်အလက်များ၊ ငလျင်ဘေးဖြစ်ပွားရသည့် အခြေခံအကြောင်းအရာများကို လည်းကောင်း၊ ပြည်နယ်မီးသတ်ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသန်းဇော်ဦးက ငလျင်နှင့်ယှဉ်တွဲနေထိုင်ခြင်း ခေါင်းစဉ်ဖြင့် ငလျင်ဘေးကျရောက်ပါက ကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့်ဖြစ်ပွားပြီး ဆောင်ရန်/ ရှောင်ရန် နည်းလမ်းများ၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရမည့်အချက်များကိုလည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ယင်းနောက် အသိပညာပေးဟောပြောပွဲတက်ရောက်လာကြသည့် ပြည်နယ်/ ခရိုင်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်များနှင့် သူနာပြု-သားဖွာသင်တန်းကျောင်းများမှ ကျောင်းသား/ ကျောင်းသူများနှင့် သင်တန်းသား/ သင်တန်းသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ အရပ်ဘက်လူမှုကူညီရေးအသင်းအဖွဲ့များအား ဝန်ထမ်းများက ကချင်ပြည်နယ်အစိုးရအဖွဲ့က ထုတ်ဝေထားသည့် ငလျင် ဘေးန္တရာယ်အသိပညာပေးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ပြည်နယ်မီးသတ်ဦးစီးဌာနက ပြသထားသည့် အဆင့်မြှင့်ကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသထားရှိမှုကို လည်းကောင်း၊ သဘာဝဘေးနှင့်စပ်လျဉ်း၍ အသိပညာပေး ဉာဏ်စမ်းကစားခြင်းများကို လည်းကောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များ၏ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံးပစ္စည်းများ လက်တွေ့အသုံးပြုသရုပ်ပြသခြင်းတို့အား လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သရုပ်ပြမီးသတ်တပ်ဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများကိုပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ကချင်ပြည်နယ်အတွင်း သမိုင်းမှတ်တမ်းများအရ ပြင်းထန်ငလျင်လှုပ်ခတ်မှုကို ၁၉၃၁ ခုနှစ် တွင် မြစ်ကြီးနားငလျင်အဖြစ် အင်းတော်ကြီးအရှေ့ဘက်ဒေသတွင် လှုပ်ခတ်ခဲ့ကြောင်းသိရှိရပြီး ပြည်နယ်သဘာဝဘေးန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီအနေဖြင့် ပြည်နယ်အတွင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ခရိုင်မြို့ကြီးများနှင့် မြို့နယ်များအလိုက် ၂၀၂၂ ခုနှစ်အတွင်း ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း (၇) ကြိမ်၊ ၂၀၂၅ ခုနှစ် ဇွန်လအထိ အသိပညာပေးဟောပြောပွဲ (၃၈) ကြိမ်၊ ငလျင်ဇာတ်တိုက်လေ့ကျင့်ခြင်း (၂) ကြိမ် ပြုလုပ်ဆောင်ရွက်နိုင်ခဲ့ပြီး ယနေ့ ဟောပြောပွဲအပါအဝင် လာမည့်လများအတွင်း အသိပညာပေး ဟောပြောပွဲများနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။





