ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားကျောက်မျက်ဈေးအတွင်း ပယင်းအကြမ်းထည်နှင့်အချောထည်များ ရောင်းချနေမှုနှင့် ငွေပျော်စံပြကျေးရွာအတွင်း အသားတိုးကြက် မွေးမြူရေးလုပ်ငန်းအားကြည့်ရှုစစ်ဆေး၊ လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ရရှိခဲ့သော ဒူဝါဒေါက်တာဘွမ်ယွမ်အား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား   သြဂုတ် ၈

         ကချင်ပြည်နယ်အတွင်း၌ထွက်ရှိသည့် အဖိုးတန်တွင်းထွက် လက်ဝတ်ရတနာတစ်မျိုးဖြစ်သည့် ပယင်းကို မြစ်ကြီးနားမြို့ စက်မှုဇုန်ရပ်ကွက်အတွင်းရှိ ကျောက်မျက်ရတနာဈေးအတွင်း ရောင်းချလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပယင်းဈေးကွက် ခိုင်မာစေရေးအတွက် သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ထိုသို့ သွားရောက်ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားကျောက်မျက်ဈေးအတွင်း အဆောင် (B) ၌ ပယင်းအကြမ်းထည်များကို ရောင်းချနေသည့် ကုန်သည်များနှင့်လာရောက်ဝယ်ယူသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးကြည့်ရှုခဲ့ကြပြီး ပယင်းအကြမ်းထည်များ အဖိုးတန်လက်ဝတ်ရတနာအချောထည်များအဖြစ် ပုံသွင်းသွေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အ‌ဆောင် (A) အတွင်း ပယင်းနှင့်ကျောက်မျက်ရတနာရောင်းဝယ်ရေးစင်တာ၌ ပယင်းအချောထည် လက်ဝတ်ရတနာများနှင့် ကျောက်စိမ်း၊ ကျောက်မျက်လက်ဝတ်ရတနာအချောထည်များဆိုင်ခန်းငယ်များဖွင့်လှစ်၍ရောင်းချနေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပယင်းအကြမ်းထည်ဈေးကွက်၊ အချောထည်ဈေးကွက်ရရှိမှုအခြေအနေများနှင့် အရောင်းအဝယ်ဖြစ်ထွန်းမှုအခြေအနေများ၊ ဖြန့်ဖြူးရောင်းချပေးနိုင်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းဆွေးနွေးခဲ့ကြကာ ပယင်းလက်ဝတ်ရတနာများကို ဝယ်ယူအားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပလနကျေးရွာအုပ်စု၊ ငွေပျော်စံပြကျေးရွာအနီးရှိ ပိုင်ရှင် ဦးဟိန်းထက်ဇော်၏ ကြက်မွေးမြူရေးလုပ်ငန်းဆောင်ရွက်သည့်နေရာသို့ သွားရောက်ပြီး ကြက်ခြံ (၂) ခြံအတွင်း ကြက်ကောင်ရေ (၆၅၀၀) မွေးမြူထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မိုးတွင်းကာလဖြစ်သည့်အတွက် တိရစ္ဆာန်ရောဂါများဖြစ်ပွားမှုမှ ကာကွယ်နိုင်ရေးလိုအပ်သည့် ဆေးဝါးနှင့်ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရေး၊ တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များကို ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မွန်းလွဲပိုင်းတွင် မော်ဖောင်းကျေးရွာအုပ်စု၊ ငအိုးကျေးရွာသို့ သွားရောက်ပြီး အဆိုပါကျေးရွာအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေပံ့ပိုးမတည်ပေးမှုဖြင့် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်လျက်ရှိသည့် ပိုင်ရှင်ဦးဆင်ဝါးနော်ခြံဝင်းအတွင်းရှိ ကြက်ခြံ (၃)ခြံအတွင်း အသားတိုးကြက်ကောင်ရေ (၆၅၀၀) ကောင် မွေးမြူထားရှိမှုအခြေအနေများနှင့် ဝက်ခြံအတွင်း အသားတိုးဝက်ကောင်ရေ (၄၀) ကျော် မွေးမြူဖြစ်ထွန်းနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယမန်နေ့ ညပိုင်းကလည်း မြစ်ကြီးနားမြို့ စီတာပူမနောကွင်းအတွင်းရှိ လုံဂါပါစားသောက်ဆိုင်၌ ၂၀၂၄ ခုနှစ်တွင် ဇန်နဝါရီ (၄) ရက်နေ့ နိုင်ငံတော်အစိုးရမှ ချီးမြှင့်ဂုဏ်ပြုခဲ့သည့် လူမှုထူးချွန်ဆု (ပထမအဆင့်) ချီးမြှင့်ခံခဲ့ရသည့် ကချင်ပြည်နယ်မှ ဒူဝါဒေါက်တာဘွမ်ယွန်အား ပြည်နယ်အစိုးရအဖွဲ့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ဒူဝါဒေါက်တာဘွမ်ယွန်၏ ပြည်နယ်အကျိုးအတွက် လုပ်ဆောင်ခဲ့မှုများအပေါ် ပြည်နယ်အစိုးရအဖွဲ့က လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမ အဆင့်)နှင့် စီးပွားရေးဆိုင်ရာ ထူးချွန်ဆု (ပထမအဆင့်)တို့ကို ချီးမြှင့်ခဲ့ရသည့်အပြင် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် နိုင်ငံတော်က လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်)ကို ရရှိခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ရသည့်အပြင် ယခုထက်ပိုပြီး တိုင်းပြည်နှင့်ပြည်နယ်အကျိုးကို ပိုမိုထမ်းဆောင်နိုင်ပါစေကြောင်း ဂုဏ်ပြုပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က လူမှုရေးဆိုင်ရာထူးချွန်ဆု (ပထမအဆင့်) ရရှိခဲ့သည့်အတွက် ဒူဝါ ဒေါက်တာဘွမ်ယွန်ထံ ကချင်တိုင်းရင်းသားရိုးရာကုတ်အင်္ကျီ၊ လွယ်အိတ်၊ ဓားလွယ်နှင့် ခေါင်းပေါင်းတို့ကို ချီးမြှင့်ပေးအပ်ပြီး ဒူဝါဒေါက်တာဘွမ်ယွန် ဦးဆောင်သည့် ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်းအတွက် ထောက်ပံ့ချီးမြှင့်ငွေများကို ထပ်မံပေးအပ်ခဲ့ကာ ဂုဏ် ပြုညစာကို အတူတကွ သုးဆောင်ခဲ့ကြကြောင်း သိရသည်။