မြစ်ကြီးနား အောက်တိုဘာ ၁
ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့ နံနက် ၈ နာရီက အံတော်ရှင် တောင်တန်းသာသနာပြုကျောင်းတိုက်အတွင်းရှိ တောင်တန်းသာသနာပြု ဓမ္မဗိမ္မာန်တော်၌ “ဘဝ ချမ်းသာအခွင့်အရေးများ ရရှိရေး သက်ကြီးသူများ ဦးဆောင်ပါဝင်ပေး” ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ပြီး ကချင်ပြည်နယ်အတွင်းရှိ အသက် ၈၅ နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြသည်။
အဆိုပါ ခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ကြီးပုဂ္ဂိုလ်များသည် လေးစားထိုက်ဂုဏ်ပြုထိုက်သူများဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်လည်း သက်ကြီးဘိုး/ဘွားများ၏ ဘဝလုံခြုံမှုရှိစေရေးနှင့် သက်ကြီးရွယ်အိုများ၏ စွမ်းအားနှင့် အတွေ့အကြုံများကို အတုယူ၍ အခွင့်အလမ်းများကို ဖန်တီးဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်နယ်အတွင်း စောင့်ရှောက်လျက်ရှိသော ဘိုးဘွားရိပ်သာများ ရေရှည်တည်တံ့အောင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ အခမ်း အနားတက်ရောက်လာကြသည့် ပူဇော်ကန်တော့ခံ အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား ၇၀ ဦးတို့အတွက် ပြည်နယ်အစိုးရဖွဲ့မှ တစ်ဦးလျှင် ငွေကျပ် ၂၀၀၀၀၀ တန်ဖိုးရှိ လှူဒါန်းငွေအပါအဝင် စားသောက်ဖွယ်ရာများ၊ အသုံး အဆောင်ပစ္စည်းများနှင့် ဆေးဝါးပစ္စည်းများ စုစုပေါင်း လှူဒါန်းငွေကျပ် ၁၄၀၀၀၀၀၀ နှင့် ပြည်နယ်အတွင်းရှိ အသက် ၁၀၀ နှစ်နှင့်အထက် အဘိုး/ အဘွား ၂၅ ဦးတို့အတွက် အလှူငွေကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ တို့က ဘိုးဘွားများအတွက်အလှူငွေများကို လည်းကောင်း အသီးသီးပေးအပ်လှူဒါန်းခဲ့ကြရာ အဘိုးတစ်ဦးက ကျေးဇူးတင်ဝမ်းမြောက်ဝမ်းသာစကားနှင့် ဆုတောင်းမေတ္တာပို့သပေးခဲ့ကြောင်း သိရသည်။

