မြစ်ကြီးနား အောက်တိုဘာ ၃
ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ စီတာပူ (ဆွတ်ငိုင်တောင်) ရပ်ကွက်အတွင်းရှိ ယာယီတိမ်းရှောင်စခန်း၌ ဖားကန့်မြို့နယ်အတွင်းမှ အိမ်ထောင်စုများအား သွားရောက်တွေ့ဆုံ သည်။
ထိုသို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့က စခန်းအတွင်းရှိ အိမ်ထောင်စု (၁၄၄) စုတို့အတွက် ငွေကျပ် (၁၃၈၉၆၀၀၀)တန်ဖိုးရှိ ဆန် (၂၄)ပြည်ပါအိတ် ၁၄၄ အိတ်နှင့် ကြက်ဥ (၄၃၂၀)လုံးတို့ ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက စခန်းအတွက် အိမ်သုံးဆိုလာများကို ထောက်ပံ့ပေးအပ်ခဲ့ကြရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် အိမ်ထောင်စုများ နေထိုင်စားသောက်ရေးအတွက် လိုအပ်ချက်များကို တင်ပြဆွေးနွေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က အိမ်ထောင်စုများ၏ နေထိုင်စားသောက်မှုဆိုင်ရာ လိုအပ်ချက်များအပေါ် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး မိမိတို့ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယာယီတိမ်းရှောင်ပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေး စဉ်ဆက်မပြတ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် လိုအပ်သည်များကိုလည်း အချိန်နှင့်တစ်ပြေးညီ ပံ့ပိုးဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အိမ်ထောင်စုများအနေဖြင့် ယာယီတိမ်းရှောင်လာကြသော်လည်း စိတ်အားငယ်ပူပန်ခြင်းမရှိဘဲနေရပ်ပြန်နိုင်ရေးနှင့်တည်ငြိမ်အေးချမ်းရေးကို အားလုံးက စည်းလုံးညီညွတ်စွာ ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း အားပေးပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး တာဝန်ရှိသူများသည် တပ်ကုန်းရပ်ကွက်၊ သဲဆာဒီးကျေးရွာအတွင်းရှိ အေဂျီအသင်းတော်ပိုင် ဘိုးဘွားရိပ်သာ၌ ယာယီခိုလှုံနေထိုင်လျက်ရှိသော အိမ်ထောင်စုများသွားရောက်တွေ့ဆုံအားပေးခဲ့ကြပြီး အိမ်ထောင်စု (၉၆)စု၊ လူဦးရေ (၅၂၀) တို့အတွက် ငွေကျပ် (၉၂၆၄၀၀၀)တန်ဖိုးရှိ ဆန်(၂၄)ပြည်ပါအိတ် (၉၆)အိတ်နှင့် ကြက်ဥအလုံး (၂၈၈၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


