မြစ်ကြီးနား အောက်တိုဘာ ၃
၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ကချင်ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အားပေးသည်။
ရှေးဦးစွာ အသက်(၂၅)နှစ်အောက် လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက တစ်ဦးချင်း ဂါရဝပြုမိတ်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကို ကချင်ပြည်နယ်အနေဖြင့် ဂုဏ်သိက္ခာ၊ စွမ်းရည်နှင့် အားမာန်များကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်နိုင်ရေး ယနေ့ အောင်နိုင်ရေးအလံကို ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ဘောလုံးအားကစားနည်းသည် စွမ်း ရည်၊ ဉာဏ်ရည်ဉာဏ်သွေးနှင့် စိတ်ဓာတ်သတ္တိ သုံးမျိုးစလုံးကို တစ်ပြိုင်နက်တည်း ပြသရသည့် ကစားနည်းဖြစ်သည့်အတွက် ခိုင်မာသော စိတ်ဓာတ်၊ ကြိုးစားအားထုတ်မှုနှင့် အားကစားစိတ် ဓာတ်ပြည့်ဝရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အောင်မြင်မှုနှင့်အတူ ပြည်နယ်ဂုဏ်ဆောင်နိုင်အောင် ကြိုးစားယှဉ်ပြိုင်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း အားပေးပြော ကြားသည်။
ထို့နောက် ကချင်ပြည်နယ်လက်ရွေးစင်အသင်း နည်းပြက ပြိုင်ပွဲအတွက် ကြိုတင်စခန်းသွင်းလေ့ကျင့်ပြင်ဆင်ထားရှိမှုအခြေအနေများနှင့် ဝင်ရောက်ယှဉ်ပြိုင်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အမျိုးသမီးဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ်သိန်း ၃၀ ကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ ဌာနဆိုင်ရာများ၊ ဖူဆယ်ဆပ်ကော်မတီဥက္ကဋ္ဌနှင့် လုပ်ငန်းရှင်များက လက်ရွေးစင် အတွက် ထောက်ပံ့ငွေများ အသီးသီးပေးအပ်မှုကို ပြည်နယ်ဝန်ကြီးချုပ်က ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် လက်ရွေးစင်အသင်း အုပ်ချုပ်သူက ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအတွက် ကတိပြုပြောခဲ့ကြောင်း သိရသည်။

