ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးညှင်းမြို့နယ်အတွင်း ရက် (၁၀၀) စီမံချက်ဖြင့် ‌ကျေးရွာမြေငှားဂရမ် ထုတ်ပေးခြင်းအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား  မေ ၇

          ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ယနေ့ နံနက်ပိုင်းကလည်း မိုးညှင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်ဝသုန်စိုး၊ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များနှင့်အတူ မိုးညှင်းမြို့နယ်၊ အင်ကြင်းကုန်းကျေးရွာ၊ ကျေးရွာခန်းမ၌ ခရိုင်/မြို့နယ်/ကျေးရွာ မြေငှားဂရမ်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဝင်များ၏ ရက် ၁၀၀ စီမံချက်ဖြင့် ကျေးရွာမြေငှားဂရန်ထုတ်ပေးခြင်းအခမ်းအနား၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က အစိုးရအဖွဲ့အသစ်၏ ရက် ၁၀၀ စီမံချက်ဖြင့် ဌာနဆိုင်ရာများမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများတွင် ကျေးရွာများဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာလုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

          ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးတင့်က ကျေးရွာများတွင် ကျေးလက်နေပြည်သူများ ပိုင်ဆိုင်နေထိုင်ကြသည့် အိမ်ခြံမြေကွက်များကို ရက် ၁၀၀ စီမံချက်ဖြင့် မြေငှားဂရန်ထုတ်ပေးလျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျေးရွာနေပြည်သူများအတွက် ရက် ၁၀၀ စီမံ ချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော ကျေးရွာမြေငှားဂရန်များကို ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် ရပ်မိရပ်ဖတစ်ဦးက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် မြို့နယ်နှင့် ကျေးရွာမြေငှားဂရမ်ထုတ်ပေးရေးလုပ်ငန်းအဖွဲ့ဝင်များ၏ ကျေးရွာနေပြည်သူများအတွက် ရက် ၁၀၀ စီမံချက်ဖြင့် မြေငှားဂရန်လျှောက်ထားမှုအပေါ် စိစစ်ဆောင်ရွက်‌ပေးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

          ယင်းနောက် အဆိုပါကျေးရွာ ကွင်းအမှတ် ၃၁၉ အတွင်းရှိ ပိုင်ရှင် ဦးအုန်းကျော်၏ မိုးစပါးစိုက်လယ်အတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်)ကြဲပက်ခြင်းနှင့် တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ပြီး ပြည်နယ်နှင့်  ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူးများက ခရိုင်အတွင်း မိုးစပါးစိုက်ပျိုးရိတ်သိမ်းနိုင်မည့် အခြေအနေများနှင့် ယခုနှစ် မိုးစပါးစိုက်ပျိုးရန် လျာထားမှု၊ ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မိုးညှင်းခရိုင်သည် ကချင်ပြည်နယ်၏ စပါးကျီတစ်ခုပင်ဖြစ်ပါကြောင်း၊ ထို့အပြင် ဒေသခံတောင်သူများ၏ ကြိုးပမ်းမှုကြောင့် ဆန်ရိက္ခာဖူလုံမှုအပြင် သီးထပ်စိုက်ပျိုးမှုများပြားသော ခရိုင်တစ်ခုဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တောင်သူများအနေဖြင့် စိုက်ပျိုးရေးအတွက် အခြေခံလိုအပ်ချက်များဖြစ်သည့် သွင်းအားစုလိုအပ်ချက်အပြင် စက်သုံးဆီလိုအပ်ချက်များကို အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အပြင် တောင်သူများအားလုံးကလည်း သီးနှံပန်းတိုင်အထွက်နှုန်းရရှိရေးကို ဝိုင်းဝန်းကြိုးစားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားပြီး တောင်သူများ၏ စိုက်ပျိုးရေ၊ ဓာတ်မြေသြဇာ၊ မျိုးစပါးလိုအပ်ချက်နှင့် ထယ်ရေးထွန်ရက်နိုင်ရေးအတွက် စက်သုံးဆီလိုအပ်ချက်များအပေါ် အစိုးရအဖွဲ့က ကနဦးမျိုးစပါးဖြန့်ဖြူးပေးထားနိုင်မှုအပြင် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက တောင်သူများအတွက် သဘာဝမြေသြဇာ၊ ဓာတ်မြေသြဇာအိတ်များ၊ ဆင်းဧကရီ-၃ မျိုးစပါးအိတ်များ၊ ရွက်ဖျန်းမြေသြဇာအိတ်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြပြီး တောင်သူ ဦးအုန်းကျော်၏လယ်၌ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများနှင့် ဒေသခံတောင်သူများပူးပေါင်း၍ ထယ်ရေးဝင်ရောက်ပြီး လယ်အတွင်း သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ကြဲပက်စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုအား တောင်သူများနှင့် အတူ ကြည့်ရှုအားပေးခဲ့ကြကာ ကွင်းအတွင်း စိုက်ပျိုးရေးဦးစီးဌာနနှင့် တောင်သူများ၏ တစ်ပိုင်တစ်နိုင် သဘာမြေသြဇာထုတ်လုပ်ထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များကူညီဆောင်ရွက်ပေးနိုင်ရေးနှင့် တောင်သူများထံ ထောက်ပံ့ငွေကျပ် ၃၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။