ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ဒေသခံပြည်သူများအား ဧရာဝတီ မြစ်ဆုံ-မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ အသိပေးရှင်းလင်းဆွေးနွေးပွဲကျင်းပပြုလုပ်

မြစ်ကြီးနား မေ ၇

          ဧရာဝတီမြစ်ဆုံ-မြစ်ညာမြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများအား ရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာအထောက်အကူပြုရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက ရှင်းလင်းဆွေးနွေးပွဲကို မေ ၆ ရက် မွန်းလွဲ ၃ နာရီက မြို့တော်ခန်းမ၌ အသိပေးရှင်းလင်းဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအောင်နိုင်၊ စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးတင်အောင်၊ လွှတ်တော်အသီးသီးမှ ကိုယ်စား လှယ်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိ/ မြို့ဖများနှင့် ဒေသခံပြည်သူ လူထု ၆၀၀ တို့ကျော်တက်ရောက်ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အမှာစကားပြောကြားရာတွင် မိမိတို့နေ့စဉ် လူနေမှုဘဝတွင် လျှပ်စစ်စွမ်းအင်သည် မရှိမဖြစ်လိုအပ်သည့် အရေးကြီးကဏ္ဍဖြစ်သည်ကို အားလုံးက သိရှိနားလည်ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စွမ်းအင်အသုံးချနိုင်မှုအပေါ် မူတည်၍ ဖွံ့ဖြိုးတိုးတက်မှု ကွာခြားနိုင်သည်ကို မိမိတို့အိမ်နီးချင်း နိုင်ငံများကိုကြည့်၍ မျက်မြင်ကိုယ်တွေ့ သိရှိနားလည်နိုင်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် အားလုံး၏ပူးပေါင်းပါဝင်မှုဖြင့် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ဦးထွန်းထွန်းလှိုင်၊ ဦးမုန်ရိန်လ၊ ဦးနော်ထွဲနှင့် ဦးဂျန်ခုန့်(ခ)ဦးနော်ခုန့် ရေအားလျှပ်စစ်စီမံကိန်းများနှင့်စပ်လျဉ်း၍ သိသင့်သိထိုက်သည့် နည်းပညာဆိုင်ရာ၊ ဘူမိဗေဒဆိုင်ရာ တွေ့ရှိချက်များ၊ ရေအားလျှပ်စစ်စီမံကိန်းကြီးများဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံများ၏တိုးတက်မှုနှင့် အနာဂတ်အလားအလာများ၊ ကမ္ဘာပေါ်ရှိ ဆည်ကြီးများအကြောင်း သိကောင်းစရာများကို ပါဝါပွိုင့်ပရိုဂျက်တာများဖြင့် အသီးသီး ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ကြသည်။

          ဆက်လက်၍ အခမ်းအနားတက်ရောက်လာကြသည့် ဒေသခံပြည်သူများက ရေအားလျှပ်စစ် စီမံကိန်းနှင့် စပ်လျဉ်း ၍ စီမံကိန်းအပေါ် စိုးရိမ်ပူပန်မှုများ၊ စီမံကိန်းအပေါ် အကျိုးခံစားခွင့်ရရှိမှုများ၊ သိလိုသည်များ၊ မရှင်းလင်းသည်များကို မေးမြန်းမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဒေသခံကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် နည်းပညာဆိုင်ရာတွေ့ရှိချက်များအတိုင်း ပြန်လည်သုံးသပ်၍ ရှင်းလင်းဖြေကြားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။