မြစ်ကြီးနား ဇွန် ၅
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအား တန်ဖိုးမြှင့် စားသောက်ကုန် လူသုံးကုန် ပစ္စည်းများအဖြစ် တိုးတက်ထုတ်လုပ်နိုင်ရေး၊ ဒေသတွင်း MSMEလုပ်ငန်းများ တိုးတက်မြင့်မား လာစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ကြီးကြပ်မှုဖြင့် စီတာပူရပ်ကွက်၊ မနောကွင်း အတွင်း (၃)ရက်ကြာကျင်းပမည့် မုတ်သုံဦး MSME ထုတ်ကုန် ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်အား ယနေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်သည့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသတွင်း MSMEလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပပြု လုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပွဲတော်ကျင်းပပြုလုပ်မည့် မနောကွင်းအတွင်း မဂျွယ်ခန်းမရှေ့ရှိ မုတ်သုံဦး MSME ထုတ်ကုန်ပြပွဲ/ ပြိုင်ပွဲနှင့် ဈေးရောင်းပွဲတော်မုဒ်ဦး၌ ဖွင့်ပွဲ အခမ်းအနား ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က MSMEတိုးတက်ရေးသည် တိုင်းပြည်၏ တွန်းအားဖြစ်သကဲ့သို့ မိမိတို့ပြည်နယ်အတွက်လည်း အရေးကြီးသည့်အတွက်ကြောင့် ယခုလို MSME လုပ်ငန်းများကို အားပေးကူညီဆောင်ရွက်ခြင်းပင် ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း ပိုမိုကြံဆထိုးဖောက်နိုင်ပြီး အတွေးအခေါ်အသစ်၊ အမြင်သစ်များဖြင့် ယခုထက်ပိုမိုကြိုးစားထုတ်လုပ်ကြရန်နှင့် လုပ်ငန်းအသစ်များ ပေါ်ထွက်လာအောင်လည်း အားလုံးကဝိုင်းဝန်းလက်တွဲခေါ်ဆောင်ကြရန် လိုအပ်မည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားရာ အိလေး စားသောက်ကုန်လုပ်ငန်းမှ ဒေါ်အိအိလှိုင်က ယခုလို ပွဲတော်ကျင်းပပြုလုပ်၍ ဈေးကွက်ချိတ်ဆက်မှုအပြင် ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် နည်းပညာများကို လေ့လာသိရှိခွင့်ရသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြန်လည်ပြောကြားသည်။
ဆက်လက်၍ ပွဲတော်မုဒ်ဦးအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်စီမံကိန်း၊ စီးပွားနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်၊ Topစားသောက် ကုန်လုပ်ငန်းပိုင်ရှင် ဦးမရန်ဇော်ယော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များ၊ MSME လုပ်ငန်းရှင်များနှင့် အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မဂျွယ်ခန်းမရှေ့ မြက်ခင်းပြင်၌ ခင်းကျင်းရောင်းချလျက်ရှိသည့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ၊ သမဝါယမအသင်းများ၏ ထုတ်ကုန်ပစ္စည်းများ၊ သစ်တောနှင့် သစ်တောထွက်ပစ္စည်းအချောထည်ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရောင်းချနေမှု အခြေအနေများနှင့် ဆန်ကုန်သည်ကြီးများအသင်းနှင့် သား/ငါးဈေးတို့မှ ဈေးနှုန်းသက်သာစွာ ရောင်းချနေမှုအခြေအနေများနှင့် မဂျွယ်ခန်းမ၌အတွင်း စင်တင်တေးဂီတအစီအစဉ်များဖြင့် ရောင်းချလျက်ရှိသည့် MSMEလုပ်ငန်းရှင်များ၏ စားသောက်ကုန်၊ လူသုံးကုန်နှင့် အဝတ်အထည်ပစ္စည်းအရောင်းပြခန်းများနှင့် ပယင်း၊ ကျောက်စိမ်းနှင့် လက်ဝတ်ရတနာ အချောထည်ဆိုင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြု လုပ်သည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့ ပြည်နယ်၊ မိမိတို့နိုင်ငံ၏ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းကာကွယ်ရေး၊ ကာဗွန်ထုတ်လွှတ်မှု လျော့နည်းပြီး ရာသီဥတုဒဏ်ခံနိုင်ရည်ရှိသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ဖော်ဆောင်နိုင်ရေး၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းကာကွယ်ရေး၊ စွန့် ပစ်ပစ္စည်းအန္တရာယ်မှ လျော့နည်းစေရေးတို့အတွက် နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းတစ်ရပ်အဖြစ် အစိုးရဌာနအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ပုဂ္ဂလိကများ နှင့် ပြည်သူလူထုတစ်ရပ်လုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား ဖတ်ကြားပြီး အသိပညာပေးဗီဒီယိုနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကချင်ပြည်နယ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆု (အထက်တန်းအဆင့်)ပထမဆုရရှိခဲ့သော အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၏ လုပ်ငန်းဆောင်ရွက်မှုပြိုင်ပွဲဝင်မှတ်တမ်းဗီဒီယိုကလစ် ဖွင့်လှစ်ပြသမှုတို့အား ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးကျော်စန်းနိုင်က ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်၊ ကချင် ပြည်နယ်၏ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်း အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလ တန်းအဆင့်ဆုရကျောင်းများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကာ ၂၀၂၆ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ခန်းမအတွင်း ဖွင့်လှစ် ပြသထားသော ပြခန်းငယ်အား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားလေဆိပ်၌ ပူတာအိုခရိုင် အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအတွက် ပညာရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်ပြည်နယ်အတွင်းရှိ ကျောင်းအပ်နှံရေးအစီအစဉ်တွင် ကျောင်းသား/ ကျောင်းသူများအား အခမဲ့ထောက်ပံ့နိုင်ရေး နိုင်ငံတော်အစိုးရအစီအစဉ်ဖြင့် မန္တလေး-မြစ်ကြီးနားလမ်း အတိုင်း ပေးပို့လာသော ယာဉ်တန်းမှပါဝင်ခဲ့သည့် ကျောင်းပြဋ္ဌာန်းစာအုပ်များ၊ဗလာစာအုပ်နှင့်စာရေးကိရိယာများအား တပ်မတော် လေယာဉ်ဖြင့် ပေးပို့နိုင်ရေး သယ်ယူပို့ဆောင်ပေးကြသော ဝန်ထမ်းများနှင့် တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြကာ လေယာဉ်ပေါ်သို့ တပ်မတော်သားများ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များက ပစ္စည်းများ သယ်ယူတင်ပို့ ပေးနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးပွဲသို့ တက် ရောက်ပြီး ပြည်နယ်ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာ သိမ့်သိမ့်မိုး၏ ဥပဒေ၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းများ ရှင်းလင်းတင်ပြမှုအပေါ် ပြည်နယ်အစိုးရအဖွဲ့ ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ရှင်းလင်းသုံးသပ်ဆွေးနွေးခဲ့ကြသည်။
ထို့အတူ မွန်းလွဲပိုင်းတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနာကျေးရွာ၊ မိုင်းနားအေဂျီယာယီတိမ်းရှောင်စခန်း နေမိသားစုများအား အသင်းတော်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန် ရှိသူများက အဆိုပါစခန်းအတွင်း ခိုလှုံနေထိုင်လျက်ရှိသော ဝိုင်းမော်မြို့နယ်အတွင်းရှိ ဂါးရာယန်၊ ကဇူး၊ နန်ဆန်ယန်နှင့် မလန်းယန်ကျေးရွာများမှ အိမ်ထောင်စု (၈၆)စုတို့အတွက် ဆန်(၂၄)ပြည်ပါအိတ် (၈၆) အိတ်နှင့် ဆီ (၈၆)ပိဿာကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး အိမ်ထောင်စုများ၏ လိုအပ်ချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။
အလားတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ တပ်ကုန်းရပ်ကွက်(ကြာရာပတ္တီး-အေ) အတွင်းရှိ နာယန်နှစ်ခြင်းအသင်းတော်မြေနေရာရှီ မော်မောင်းဘွမ်ယာယီတိမ်းရှောင်စခန်းသို့ သွားရောက်ပြီး မိသားစုများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ အဆိုပါစခန်းအတွင်းရှိ ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာမှ အိမ်ထောင်စု (၆၉)စုတို့အတွက် ဆန် (၂၄)ပြည်ပါအိတ် (၁၀၀)နှင့် ဆီပိဿာ (၁၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေအိမ်ထောင်စုများအတွက် လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အားပေးအမှာစကားပြောကြားကာ စခန်းအတွင်း မိသားစုများ၏ နေအိမ်များကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စခန်းအတွင်း သောက်သုံးရေ၊ ချိုးရေလိုအပ်ချက်နှင့် အခြားလိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။














