ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့၊ ပလန(၃) အင်းကြင်းမြိုင်ကျေးရွာအတွင်း စတုတ္ထအကြိမ် ၂၀၂၆ ခုနှစ်၊ မိုးရာသီ (ပြည်နယ်အဆင့်) စုပေါင်းသစ်ပင် စိုက်ပျိုးပွဲတော်သို့ တက်ရောက်၊ မိုးများ၍ ရေဝင်ရောက်သဖြင့် အခက်အခဲဖြစ်ပေါ်နေသော ရှမ်းမျိုးနွယ်စု ယာယီတိမ်းရှောင်စခန်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးထောက်ပံ့

မြစ်ကြီးနား  ဇွန် ၂၄

          ၂၀၂၆ ခုနှစ်၊ စတုတ္ထအကြိမ်မြောက်အဖြစ် ပြည်နယ်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပလန-၃ အင်းကြင်းမြိုင်ကျေးရွာအတွင်းရှိ အခြေခံပညာမူလတန်းကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ကြသည်။

          ရှေးဦးစွာ သစ်ပင်စိုက်ပျိုးပွဲတော်ကို ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မိုးရာသီအချိန်မီ၊ အချိန်ကိုက်သစ်ပင်စိုက်ပျိုးပွဲတော်များကို ကျင်းပလျက်ရှိရာ ယနေ့တွင် ပြည်နယ်အဆင့်စတုတ္ထအကြိမ်မြောက်ဖြစ်ပါကြောင်း၊ စိုက်ပျိုးရာတွင်လည်း ရှင်အောင်စိုက်ပျိုး၊ ကြီးအောင်ပြုစု၊ မြဲအောင်ထိန်းသိမ်းဆိုသည့် ဆောင်ပုဒ်အတိုင်း တစ်ပင်စိုက်တစ်ပင်ရှင်သန်အောင် ပြုစုထိန်းသိမ်းကြရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကလည်း မြေဆီစိုခိုက်သစ်ပင်စိုက် ဆိုသကဲ့သို့ အရိပ်ရပင်၊ လေကာပင်၊ ပန်းအလှပင်၊ နှစ်ရှည်စားပင်သီးပင်၊ ရတနာတန်းဝင်သစ်မျိုးများကို မိမိတို့နေအိမ်ဝင်း၊ ခြံဝင်း၊ ရုံးဝင်း၊ ကျောင်းဝင်းနှင့် မြေလွတ်၊ မြေလပ်နေရာများတွင် စိုက်ပျိုးပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သစ်ပင်စိုက်ပျိုးပွဲတော်တွင် စိုက်ပျိုးသွားမည့်ပျိုးပင်များအား ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းအသီးသီးနှင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြပြီး ကျောင်းဝင်းအတွင်း သတ်မှတ်နေရာအသီး၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ ကြက်ခြေနီတပ်ဖွဲ့၊ အရပ်ဖက်လူမှုကူညီရေးအသင်းအဖွဲ့များက မန်ဂျန်ရှားပင် (၁၀၀)ပင်၊ ‌ရေပိတောက် (၅၀)ပင်၊ သရက္ခံ (၅၀)ပင်၊ ကြေးလံ (၅၀)ပင်၊ စုစုပေါင်းအရိပ်ရနှစ်ရှည်အပင်ကြီး ပျိုးပင်(၂၅၀)ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ရွှေပြည်သာရပ်ကွက်အတွင်း နေရာချထားပေးခဲ့သော ရှမ်းမျိုးနွယ်စုများ ယာယီတိမ်းရှောင်စခန်းများအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် နန်းကွေ့ချောင်းရေမြင့်တက်လာပြီး ရေဝင်ရောက်ခဲ့သဖြင့် အခက်အခဲဖြစ်ပေါ်နေသောအိမ်ထောင်စုများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။

          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် စခန်းအတွင်း ရေဝင်ရောက်ခဲ့သည့် မိသားစုများ၏ နေအိမ်တန်းလျားများအခြေအနေကို စခန်းတာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ရေဝင်ရောက်မှုအခြေအနေအပေါ် အမြန်ဆုံးပြုပြင်ထိန်းသိမ်းနိုင်ရေးနှင့် ရေဝင်ရောက်မှုကြောင့် အခက်အခဲမဖြစ်ပေါ်စေရေးအတွက် စီမံဆောင်ရွက်ပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စခန်းတာဝန်ခံများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။          

ယင်းနောက် စခန်းခန်းမဆောင်၌ အိမ်ထောင်စုများနှင့်တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ် ရေဝင်ရောက်မှုကြောင့် မိသားစုများအခက်အခဲဖြစ်ပေါ်မှုအပေါ် မိမိတို့အနေဖြင့် အတတ်နိုင်ဆုံးဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း၊ ပွင့်လင်းရာသီတွင် ပိုမိုခိုင်ခန့်ကောင်းမွန်အောင်နှင့် ရေဝင်ရောက်မှုမရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် အလေးထားမှာကြားလိုပါကြောင်း အားပေးပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်က ငွေကျပ်သိန်း ၅၀ ကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးက ငွေကျပ်သိန်း ၅၀ကို လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်က ငွေကျပ် ၁၀ သိန်းကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က မိသားစု များအတွက် ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ စေလွှတ်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။