ကချင်ပြည်နယ် စိုက်ပျိုး‌ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဝိုင်းမော်မြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများထံ ထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား  ဇွန် ၂၃

          ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ကြီးကြပ်စီစဉ်မှုဖြင့် ဝိုင်းမော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်တောင်သူများထံ စိုက်ပျိုးချိန်မီထွန်ယက်စိုက်ပျိုးနိုင်ရေး ပရီမီယမ်ဒီဇယ်စက်သုံးဆီများကို ပြင်ပပေါက်ဈေးထက် ပိုမိုသက်သာသောနှုန်းထားဖြင့် ယနေ့ နံနက်ပိုင်းကစတင်၍ ဝိုင်းမော်မြို့ပေါ်ရှိ စက်သုံးဆီအရောင်းဆိုင် ၃ နေရာတွင် ရောင်းချပေးလျက်ရှိသည်။

          ထိုသို့ စက်သုံးဆီများအား သက်သာသောနှုန်းထားဖြင့် ရောင်းချပေးနေမှုကို ကချင်ပြည်နယ်အစိုးရ အဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေ၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးသိန်းစိုး၊ ပြည်နယ်မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ထွန်းအောင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများနှင့် ဝန်ထမ်းများက ဝိုင်းမော်မြို့နယ် နောင်တာလောရပ်ကွက်အတွင်းရှိ ဇေယျာမင်းစက်သုံးဆီအရောင်းဆိုင်၌ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအသီးသီးမှ တောင်သူများအတွက် တစ်ဧက သုံးဂါလံနှုန်းဖြင့် တစ်လီတာလျှင်ငွေကျပ် ၄၉၁၉ ကျပ်နှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

          အလားတူ စက်သုံးဆီများအား သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဝိုင်းမော်မြို့နယ်အတွင်းရှိ DENKO စက်သုံးဆီအရောင်းဆိုင်နှင့် TOP စက်သုံးဆီအရောင်းဆိုင်တို့တွင်လည်း တောင်သူများ၏ စိုက်ဧကများအတွက် နေ့စဉ်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။