ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှကာကွယ်ရေးအတွက် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် အင်ဂျန်းခ၊ ရေကြည်ချောင်းရေထိန်းတံခါး တည်ဆောက်ရေး လုပ်ငန်းစီမံကိန်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇွန် ၃၀

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ၂၀၂၄ ခုနှစ်တွင် စံချိန်တင်မြစ်ရေကြီးမြင့်မှုကြောင့် မြို့ဧရိယာ ၄၀ ရာခိုင်နှုန်းခန့် ရေကြီးနစ်မြှုပ်မှုဖြစ်ပေါ်ခဲ့သဖြင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဧရာဝတီမြစ်နှင့် ထိစပ်လျက်ရှိသည့် ရေမိုင် (၁၈)မိုင်အတွင်း ရေလျှံတားနံရံများ၊ ကမ်းထိန်းတမံများ၊ ရေထိန်းတံခါး တည်ဆောက်ခြင်းများကို ဘဏ္ဍာနှစ်အလိုက် ‌‌ဆောင်ရွက်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကမ်းထိန်းသိမ်းရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ဆုတောင်းပြည့်စေတီတော်ဆိပ်ကမ်းမှ စီတာပူရပ်ကွက် အင်ဂျန်းခချောင်းအထိ အရှည်ပေ ၅၀၀ ရှိ ကျောက်စီမြေထိန်းတမံနှင့် ကမ်းနားလမ်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာ ရေးနှစ်မှစတင်၍ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တည်ဆောက်ခဲ့သည့် (၈ပေ၊ ၁၂ ပေ) တံခါး ၃ ခုပါ အင်ဂျန်းခရေထိန်းတံခါး  တည်ဆောက်ပြီးစီးမှုအ‌ပေါ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အပြီးသတ်တည်ဆောက်ရမည့် Retaining Wall နှင့် ရေထိန်းတံခါးကမ်းကပ်ခုံ တည်ဆောက်ခြင်းလုပ်ငန်းများ ကျောက်စီမြေဖို့ခြင်း၊ ချဉ်းကမ်းလမ်းများ တာဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ လယ်ကုန်း-ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အောက် ၈၀၀ စင်တီမီတာခန့်တွင် ရေဝင်ရောက်လေ့ရှိသဖြင့် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မိုးများသည့် ဇွန်လနှင့် ဇူလိုင် လအတွင်း ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် လယ်ကုန်း-ဇီးလွန်ရေဝင်ပေါက်အား ယာယီပိတ်စို့ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုနှင့် စိုးရိမ်ရေအမှတ် ၁၂၀၀ စင်တီမီတာအထက် ၁၃၀၀ စင်တီမီတာအထိ ကာကွယ်နိုင်ရေး မြစ်ကမ်းတစ်လျှောက် အလျား ၁၃၇၈၀ ပေအား Geotubeတာဖို့ခြင်း လုပ်ငန်းဆောင် ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လာမည့်ဇူလိုင်လအတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

          ထိုမှတစ်ဆင့် ကြက်ပေါင်ခြံရပ်ကွက်အတွင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူတည်ဆောက်လျက်ရှိသည့် ရေကြည်ချောင်းရေထိန်းတံခါး တည်‌ဆောင်ရေးလုပ်ငန်းခွင် အတွင်း ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်အတွင်း တည်ဆောက်ပြီးစီးရမည့် အလျား ၈ ပေ၊ အမြင့် ၈ ပေ တံခါး ပေါက် (၇)ပေါက်ပါဝင်သည့် သံကူကွန်ကရစ်ရေထိန်းတံခါး တည်ဆောက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရမည့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ရေထိန်း တံခါးနံရံ မြေသားဖြည့်ကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ ချောင်းဟောင်းနေရာအား မြေသားတမံပိတ်ခြင်းနှင့် မြေသားတာဘောင်ဖို့ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လှည့်လည့်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည် အသွေးပြည့်မီစွာ ဆောင်ရွက်ပြီးစီးရေးနှင့် ပြည်သူများ ရေကြီးရေလျှံမှုဒဏ်ကို ခံစားမှုမရှိစေရေး အလေးအနက်ထား ဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။