မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲနှင့် မြန်မာ နိုင်ငံရုပ်ရှင်အစည်းအရုံး၊ ကချင်ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့ရုံးအဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားများသို့ တက်ရောက်

မြစ်ကြီးနား  စက်တင်ဘာ ၇
          ကချင်ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ပြေးခုန်ပစ်ဆပ်ကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား  မြို့နယ်ပေါင်းစုံ  အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို မြို့နယ် (၆)မြို့နယ်မှ လူငယ်အားကစားသမားဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ယနေ့ နံနက်ပိုင်းက အားကစားပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ပြည်နယ်ဘောလုံးကွင်းအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သည်။
          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြေးခုန်ပစ်ပြိုင်ပွဲအတွက် ပြည်နယ်ကိုယ်စားပြု စံချိန်မီ ထူးချွန်လူငယ်မျိုးဆက်သစ် ပြေးခုန်ပစ်အားကစားသမားများ ရွေးချယ်လေ့ကျင့်နိုင်ရေး ကျင်းပပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ထို့အတူ မြို့`နယ်အသီးသီးက ပြိုင်ပွဲလာရောက်ယှဉ်ပြိုင်သော အားကစားသမားများအနေဖြင့်လည်း ခိုင်မာသောအားမာန်ဖြင့် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ပြီး ပြည်နယ်လက်ရွေးစင်မှ နိုင်ငံလက်ရွေးစင်အထိ ဂုဏ်ဆောင်နိုင်သော အားကစားသမားကောင်းများဖြစ်လာအောင် ကြိုးစားကြစေလိုကြောင်းပြောကြားပြီး ပြေးခုန်ပစ် အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့သည်။
          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က ပြိုင်ပွဲဝင်ကြမည့် မြစ်ကြီးနား၊ မိုးညှင်း၊ မိုးကောင်း၊ ဖားကန့်၊ ဝိုင်းမော်၊ တနိုင်းမြို့နယ်များမှ ပြိုင်ပွဲဝင်အားကစားသမားများနှင့် နည်းပြ၊ အုပ်ချုပ်သူရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး ပြည်နယ်အေရိုးဗစ်အသင်းအတွက် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် အေရိုးဗစ်အကအဖွဲ့များ၏ ကပြဖျော်ဖြေမှုကို လည်းကောင်း၊ မီတာ ၁၀၀ ၊ မီတာ ၂၀၀၊ မီတာ ၄၀၀၊ မီတာ ၈၀၀  ကျား/မ အပြေးပြိုင်ပွဲများအားလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြပြီး အေရိုးဗစ်သင်တန်းသူများ၊ ဘင်ခရာအဖွဲ့နှင့် နယ်စပ်ဒေသလူငယ်များ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ ကျောင်းသူများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          အဆိုပါ ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်နေ့မှ ၉ ရက်နေ့အထိ ပြည်နယ်ဘောလုံးကွင်းအတွင်း မီတာ ၁၀၀ မှ မီတာ ၃၀၀၀ အထိ ကျား/မ အပြေးပြိုင်ပွဲများ၊ မီတာ ၁၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊ တန်းမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်ပြိုင်ပွဲများအား ကျင်းပပြုလုပ်၍ ပြည်နယ်လက်ရွေးစင်ပြေးခုန်ပစ်အသင်းအတွက် လူရွေးချယ်လေ့ကျင့်ပြင်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
     ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ဧရာရပ်ကွက်အတွင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ ကချင်ပြည်နယ်အတွက် ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့သည့် ကချင်ပြည်နယ်ဗီဒီယိုအခြေခံအဖွဲ့၏ ရုံးအဆောက် အဦသစ် ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပြီး ဖွင့်ပွဲအခမ်းအနားအတွက် နှစ်ခြင်းခရစ်ယာန်သင်းအုပ်ဆရာ ဦးစံမောင်က ကောင်းချီးတောင်းခံ ဆုတောင်းပေးကာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ရုံးသစ်အဆောက်အအုံအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကြောင်း သိရသည်။