ကချင်ပြည်နယ်ဝန်ကြီးချုပ် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း ဖွင့်လှစ်၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထပ်မြင့်ဝန်ထမ်းအိမ်ရာများ တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်းအနားများသို့ တက်ရောက်၊ ၂၀၂၆ ခုနှစ်၊ အပြည်ပြည် ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများမှ ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဇူလိုင် ၁

          ကချင်ပြည်နယ်အတွင်း ရွေးချယ်ခန့်အပ်ပြီးသော ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား အုပ်ချုပ်ရေးဆိုင်ရာပညာရပ်များကို လေ့လာဆည်းပူးသင်ယူရန်၊ အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်စေရန်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန်ရည်ရွယ်၍ ရက်သတ္တပတ် ၄ ပတ်ကြာဖွင့်လှစ်သင်ကြားပေးသွားမည့် အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီက မြို့နယ်စုပေါင်းရုံး မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။

          အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ၂၀၂၆ ခုနှစ် မေလအတွင်း ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ၃၅၁ ဦးတို့အား ဥပဒေနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ခဲ့ပြီးဖြစ် ပါကြောင်း၊ အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရာများကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို နည်းလည်ကျွမ်းကျင်ရန် အထူးလိုအပ်ပါကြောင်း၊ ထို့အပြင် စီမံခန့်ခွဲမှုစွမ်းရည်၊ ခေါင်းဆောင်မှုစွမ်းရည်၊ ပြည်သူလူထုနှင့် ဆက်ဆံရေးစွမ်းရည်များပြည့်ဝနေရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သင်တန်းမှတစ်ဆင့် လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်လာစေပြီး ဒေသတည်ငြိမ်အေးချမ်းရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ပိုမိုအောာင်မြင်စွာ ဆောင်ရွက်နိုင်ကြရမည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေး ဦးခင်မောင်လွင်က ကချင်ပြည်နယ်အတွင်း လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်းများကို မြို့နယ်များအလိုက် ကြီးကြပ်ဖွင့်လှစ်သွားမည့်အစီအစဉ်များနှင့် (၄)ပတ်တာကာလအတွင်း သင်ကြားပို့ချပေးသွားမည့် ဘာသာရပ်ဆိုင်ရာအစီအစဉ်များကို ရှင်းလင်းတင်ပြပြီး သင်တန်းသားများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံကို ရိုက်ကူးခဲ့ကြသည်။

          အဆိုပါ သင်တန်းကို ကချင်ပြည်နယ်အတွင်း ဥပဒေနှင့်အညီ ရွေးချယ်တာဝန်ပေးအပ်ထားသည့် ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ယနေ့ သင်တန်းသည် ပထမအကြိမ်အဖြစ် မြစ်ကြီးနား၊ ရွှေကူ၊ ဖားကန့်၊ မချမ်းဘော၊ တနိုင်း စသည့် မြို့နယ် (၅)မြို့နယ်မှ အုပ်ချုပ်ရေးမှူး ၁၂၂ ဦးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနအဖွဲ့အစည်း ၁၇ ခု၏ ဘာသာရပ်များကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်တို့သည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်းရှိ ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနပိုင် ဝန်ထမ်းအိမ်ရာသစ် တည်ဆောက်နိုင်ရေး ပန္နက်တင်မင်္ဂလာ အခမ်း အနားသို့ တက်ရောက်ခဲ့ကြပြီး အဆိုပါ ဝန်ထမ်းအိမ်ရာဝင်း အတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် (၄၁ ပေ၊ ၃၄ ပေ) နှစ်ခန်းတွဲ (၃)ထပ် အာရ်စီ ဝန်ထမ်အိမ်ရာသစ် အဆောက်အဦ တည်ဆောက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူ၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး ဝန်ထမ်းအိမ်ရာသစ် တည်ဆောက်နိုင်ရေးအတွက် ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ပန္နက်ရိုက်တင်၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဧရာရပ်ကွက်အတွင်းရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာဝင်းအတွင်း ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်ခဲ့သည့် ပုဗ္ဗမြင့်မိုရ်ကုမ္ပဏီက (၅၀ပေ၊ ၃၁ ပေ) အာရ်စီ နှစ်ခန်းတွဲ(၃)ထပ် ဝန်ထမ်းအိမ်ရာ  (အပျိုဆောင်) အဆောက်အဦသစ်တည်ဆောက်နိုင်ရေးအတွက် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်စာရင်းစစ်ချုပ်တို့က ပန္နရိုက်တင်ပေးကြပြီး အမွှေးနံ့သာ ရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကာ ရှင်းလင်းဆောင်၍ ကုမ္ပဏီတာဝန်ရှိသူက အဆောက်အဦသစ်တည် ဆောက်သွားမည့် အစီအစဉ်များ ရှင်းလင်းတင်ပြမှုအပေါ် အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ဘဏ္ဍာနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံ လေလုံအားကစားခန်းမ၌ ၂၀၂၆ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သော အားကစားပြိုင်ပွဲများ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

          ဆက်လက်၍ Calisthenics အားကစားနည်းနှင့် မြန်မာ့ရိုးရာလက်ဝှေ့ ရွှေခါးပတ်ချန်ပီယံထိန်းချုံးတို့၏ သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သရုပ်ပြအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာအိုလံပစ်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၌ ဇွန် ၂၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော ပိုက်ကျော်ခြင်း၊ ဘက်စကက်ဘော၊ ရိုးရာခြင်း၊ လက်ဝှေ့၊ ကြက်တောင်၊ စနူကာ၊ စားပွဲတင်တင်းနစ် အားကစားပြိုင်ပွဲများတွင် ဒိုင်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့ကြသော ဒိုင်အဖွဲ့ဝင်များ၊ အားကစားနည်းအလိုက် အမျိုးသား/ အမျိုးသမီး ပထမ၊ ဒုတိယနှင့် တတိယဆုရရှိခဲ့သော ဆုရအသင်းများအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဆုဖလားများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။