မြစ်ကြီးနား ဇူလိုင် ၃
ပုလဲရတု စွမ်းအား ဂုဏ်ယူဝင့်ကြွား မြန်မာအမျိုးသမီးများဟူသည့်အတိုင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင် ၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ် အတွင်း ဘက်စုံကဏ္ဍစုံ၌ ထူးချွန်ထက်မြက်သည့် အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချူပ် ဦးခက်ထိန်နန်က ပုလဲရတုစွမ်းအား ဂုဏ်ယူ ဝင့်ကြွား မြန်မာအမျိုးသမီးများ ဆိုသည့်အတိုင်း မြန်မာ့သမိုင်းစဉ်တစ်လျှောက် အမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်းပြီး တိုင်းကျိုးပြည်ပြု လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်လျက်ရှိသည့် အတွက် အမျိုးသမီးများ၏ စွမ်းဆောင်နိုင်မှုများကို သိသားထင်ရှားစွာ တွေ့မြင်ရမည်ဖြစ်ပါကြောင်း၊ ယနေ့သည် မြန်မာအမျိုးသမီးများအားလုံးအတွက် ထူးခြားလေးနက်သည့် နေ့တစ်နေ့ဖြစ်သည့်အပြင် ကဏ္ဍအသီးသီးက စွမ်းဆောင်ရည်ရှိသည့် ထူးချွန်အမျိုးသမီးများကိုလည်း ဂုဏ်ပြုချီးမြှင့်ပေးသည့်နေ့ လည်းဖြစ်သည့်အတွက် အမျိုးသမီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုခြင်းပင် ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ကိုယ်စားပြုနှင့် ခရိုင်(၆)ခရိုင် ကိုယ်စားပြု ဌာန၊ အဖွဲ့အစည်းများ အသီး သီးက အမျိုးသမီးငယ်များက ဆံကေသာအလှဖြင့် ပြိုင်ပွဲဝင်ပြသမှုနှင့် (၂၇)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် တင်ဆက်ကပြမည့် ကချင်တိုင်းရင်းသားအဖွဲ့က ဖျော်ဖြေတင်ဆက်ခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများ၊ သုတ စုံလင်ဗုဒ္ဓဝင် ဗဟိုအဆင့်ပြိုင်ပွဲ ဆဌမဆုနှင့် နှစ်သိမ့်ဆုရရှိသူများ၊ ဗဟိုအဆင့် လေးထပ်ကွမ်း လူရည်ချွန် ရရှိသည့် အမျိုးသမီးငယ်များအားလည်းကောင်း၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဗဟိုအဆင့် သုံးထပ်ကွမ်း၊ နှစ်ထပ်ကွမ်းနှင့် လူရည်ချွန်ဆုရသူများအား လည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဂုဏ်ပြုချီးမြှင့်ငွေများ ကို ချီးမြှင့်ပေးအပ်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက ဆံကေသာအလှပြပြိုင်ပွဲ တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ်းဆုရသူများနှင့် ဗဟိုအဆင့် လူချွန်ရည်ဆုရသူများကို လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အမျိုးသမီး ရေးရာအဖွဲ့နာယကအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပြည်နယ်အတွင်း ဗဟိုအဆင့် လူရည်ချွန်ဆုရသူ များ၊ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဘာသာရပ်အလိုက် ဆုရသူများနှင့် (၆)ဘာသာဂုဏ်ထူးရှင် များ၊ World Star Cup Award ချန်ပီဆုရသူများ၊ သုတစုံလင်ဗုဒ္ဓဝင်ဖြေဆိုပူဇော်ပွဲ ပြည်နယ်အဆင့် ဆုရ ရှိသူများ၊ နိုင်ငံတကာ၊ (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှ (Sea Game) ပြိုင်ပွဲနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ဆုရကစားသမားများ၊ နည်းပြ၊ အုပ်ချုပ်သူများကို လည်းကောင်း စသည့် ကဏ္ဍစုံ၌ ထူးချွန်ထက်မြက်သည့် အမျိုးသမီးများအား ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာ များကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် လူမှုဝန်ထမ်း မူလတန်းကြိုကျောင်း သမီးငယ်လေးများ၊ အမျိုးသမီးရေးရာအဖွဲ့နှင့် တိုင်းရင်းသားယဉ်ကျေးမှုနှင့် အဖွဲ့အစည်းအသီးသီးမှ အမျိုးသမီးများက အမျိုးသမီးဂုဏ်ပြုတေးသီချင်း အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့က မြန်မာအမျိုးသမီးများနေ့ ဂုဏ်ပြုတေးသီချင်းသီဆိုပိတ်သိမ်းခဲ့ကြပြီး ဂုဏ်ပြုဆုရအမျိုးသမီးများနှင့်အတူ အမှတ်တရ စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ အမျိုးသမီးများနေ့အထိမ်းအမှတ် ပြခန်းငယ်အား လှည့်လည် ကြည့်ရှု အားပေးခဲ့ကြကြောင်းသိရသည်။




