ကချင်ပြည်နယ်ဝန်ကြီးချုပ် ကျောင်းကျန်းမာရေးသီတင်းပတ် ပြည် နယ်အဆင့် အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်၊ မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် (၂၀၂၆) အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား  သြဂုတ် ၂၄
          ၂၀၂၆-၂၀၂၇ ပညာသင်နှစ်၊ ကျောင်းကျန်းမာရေးသီတင်းပတ် ပြည်နယ်အဆင့်အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၈) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ရာ ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှု အစီအစဉ်များ၊ ကလေးများအား သံချဆေးတိုက်ကျွေးခြင်းနှင့် အာဟာရကျွေးမွေးခြင်း အစီအစဉ်များဖြင့် ထည့်သွင်းကျင်းပခဲ့ကြသည်။
          ရှေးဦးစွာ အခမ်းအနားကို ကျောင်းခန်းမ၌ကျင်းပရာ ကျောင်းသား/ ကျောင်းသူလေးများက အဓိက မျှော်တွေး ကျန်းမာရေး တေးသီချင်းဖြင့် သရုပ်ဖော်ကြပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ကျောင်းကျန်းမာရေးသီတင်းပတ်နှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်တို့ကို ယခုလို တစ်ချိန်တည်း ‌ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသားများ၏ကျန်းမာရေးကို စစ်ဆေးပေးနိုင်ကာ အာဟာရဖွံ့ဖြိုးမှုအခြေအနေများကို တိုင်းတာအကဲဖြတ်နိုင်မည်ဖြစ်ပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်းများနှင့် ကျန်းမာရေးအဆင့်မြင့် ကျောင်းလုပ်ငန်း စဉ်များကို ယခုထက်ပိုပြီး ထိရောက်စွာဆောင်ရွက်ပေးနိုင်ခြင်းဖြင့် ကျန်းမာကြံ့ခိုင်ပြီး ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ် သားကောင်းရတနာများ ပေါ်ထွန်းလာစေရေး မိမိတို့အားလုံးက ဝိုင်းဝန်းကြိုးစားကြ ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
           ထို့နောက် ကျောင်းကျန်းမာရေးသီတင်းပတ် အထိမ်းအမှတ် Video Clip ဖွင့်လှစ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့က ကျောင်းကျန်းမာရေး သီတင်းပတ်အထိမ်းအမှတ် အခြေခံပညာအဆင့် ပန်းချီ၊ စာစီစာကုံး၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများ ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းချုပ်နှင့် ပြည်နယ်မိခင်ကလေးအသင်းအဖွဲ့ဝင်များက အလယ်တန်းကျောင်းသားများ သန်ချဆေးနှင့် ကျောင်းသူများအား သံဓာတ်အားတိုးဆေးများကို တိုက်ကျွေးပေးခဲ့ကြပြီး ကျောင်းစာသင်ခန်းများအတွင်း ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှုအဖြစ် အခြေခံပညာကျောင်းများ၏ ကျန်းမာရေးအသိပညာပေးပြခန်းများ ဖွင့်လှစ်ပြသထားရှိမှုကိုလည်းကောင်း၊ KG ကလေးငယ်များအား ကျောင်းတွင်းနေ့လည်စာဖြင့် အာဟာရကျွေးမွေးခြင်း အစီအစဉ် ဆောင်ရွက်ပေးနေမှုများကိုလည်းကောင်း လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။
          ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ကြီးကျယ်ခမ်းနားစွာ ကျင်းပပြုလုပ်သွားမည့် မြစ်ကြီးနားနိုင်ငံတကာပညာရေးဖိုရမ် (၂၀၂၆) အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
          အဆိုပါ နိုင်ငံတကာပညာရေးဖိုရမ် (၂၀၂၆)အား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးဖိုရမ် တစ်ခုသာမက မိမိတို့၏ဘက်စုံဖွံ့ဖြိုးတိုးတက်မှု၊ စည်းလုံးညီညွတ်မှုကို ကမ္ဘာနိုင်ငံများကိုဖော်ထုတ်ပြသနိုင်မည့် သမိုင်းဝင်အခမ်းအနားတစ်ခုလဲဖြစ်ပါကြောင်း၊ သို့ဖြစ်ပါက ဆပ်ကော်မတီ(၁၇)ခုကို ဖွဲ့စည်းထားရှိပြီး ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားကြရန်လိုအပ်ပါကြောင်း၊ ဖိုရမ်မှတစ်ဆင့် ပေါ်ထွက်လာမည့် သုသေတနစာတမ်းများ၊ ဆွေးနွေးပွဲရလာဒ်များသည် မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးအတွက် အမှန်တကယ်အထောက်အကူပြုမည်ဖြစ်သည့်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်းဆွေးနွေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
          ဆက်လက်၍ မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က နိုင်ငံ တကာပညာရေးဖိုရမ် ကျင်းပပြုလုပ်သွားမည့် ဦးတည်ချက်၊ ရည်မှန်းချက်များ၊ ကျင်းပဆောင်ရွက် သွားမည့် အစီအမံနှင့် နည်းလမ်းများပါဝင်သည့် အသေးစိတ်အစီအမံများကို Power Point ဖြင့်တင်ပြပြီး တက်ရောက်လာကြသည့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆပ်ကော်မတီအလိုက် လုပ်ငန်းတာဝန်များအပေါ် ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားမည့် အစီအမံများ၊ ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်သွားမည့် ကဏ္ဍများကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းကဏ္ဍအလိုက် ဖိုရမ်အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ကဏ္ဍအလိုက် ဆပ်ကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်း‌‌ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။