ကချင်ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး မြစ်ကြီးနားမြို့ စည်ပင် သာယာရေးအဖွဲ့ပိုင် ဈေးများနှင့် ရပ်ကွက်ဈေးများ သန့်ရှင်းသပ်ရပ်မှုရှိစေရေးနှင့် ပျိုးဥယျာဉ်များအတွင်း ရာသီပန်းများ စဉ်ဆက် မပြတ် ပျိုးထောင်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၂၃
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများနှင့် ရပ်ကွက်ဈေးများ သန့်ရှင်းသပ်ရပ်မှုရှိစေ‌ရေးနှင့် ပျိုးဥယျာဉ်များအတွင်း ရာသီပန်းများ စဉ်ဆက်မပြတ် ပျိုးထောင်စိုက်ပျိုးထားနိုင်ရေး ပြည်နယ်စည်ပင်သာယာ ရေးဝန်ကြီး ဒေါက်တာသန်းဌေးအောင်သည် တာဝန်ရှိသူများနှင့်အတူ သြဂုတ် ၂၂ ရက် မွန်းလွဲပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် စည်ပင်သာယာရေးအဖွဲ့ မြို့နယ်အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး၊ တာဝန်ရှိသူများနှင့်အတူ ရေစင်ကွင်းစျေးရှေ့ ဇော်ဂျွန်းလမ်းပေါ်တွင် ဆိုင်ကယ်နှင့်ကားများ လမ်းပိတ်ဆို့ ရပ်နားထားမှုမရှိစေရေးနှင့် ဆိုင်ကယ်ရပ်နားရန်နေရာများ စနစ်တကျရှိစေရေးအတွက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စည်းကမ်းထိန်းအဖွဲ့အနေဖြင့် အမြဲကြပ်မတ်ဆောင်ရွက်သွားရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနတို့မှတာဝန်ရှိသူများ၊ တပ်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ တပ်ကုန်းရပ်ကွက်အတွင်းရှိ  အင်ဂျန်ဒုံစျေး လမ်းဘေးဝဲ/ယာတွင် လမ်းမပေါ်သို့ ကျူးကျော်ဆောက်လုပ်ထားသည့် ဆိုင်ခန်းများ လုပ်ထုံးလုပ်နည်းနှင့်အညီဖျက်သိမ်း၍ စနစ်တကျရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဆက်လက်၍ တပ်ကုန်းစံပြရပ်ကွက်ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ပျိုးဥယျာဥ်သို့သွားရောက်ပြီး ပျိုးဥယျာဉ်အတွင်း အလှပန်းပင်များ၊ နှစ်ရှည်ပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ ပြည်နယ်ဝန်ကြီးက ပျိုးဥယျာဥ်သည် ရာသီအလိုက်ပန်းပင်များ အချိန်မရွေးရရှိအောင် စနစ်တကျထိန်းသိမ်းပျိုးထောင်ထားရှိရေး၊ မြို့ပေါ်လမ်းများရှိ Landscape များနှင့် ပန်းခြံများ သာယာလှပအောင် ပန်းပင်များ စဉ်ဆက်မပြတ်စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်သည့် အတွက် ပျိုးဥယျာဉ်သည် အရေးကြီးပြီး အလေးထားဆောင်ရွက်သွားကြရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။