ကချင်ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်တရားလွှတ်တော်ရုံး တည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေး၊ လွှတ်တော်ရုံးအနောက်ရှိ ချီဖွေနှင့် စန်းကားတိမ်ရှောင်စခန်းများအား ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား သြဂုတ် ၂၈
          ကချင်ပြည်နယ်အတွင်း တရားစီရင်မဏ္ဍိုင်၏ အဓိက ပင်မဖြစ်ဖြစ်သော ကချင်ပြည်နယ် တရားလွှတ်တော်ရုံး အဆောက်အဦသစ်ကို မြစ်ကြီးနားမြို့၊ မန်ခိန်ရပ်ကွက်အတွင်း ဆွမ်ပရာဘွမ်လမ်းမဘေး၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်တည်ဆောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့် တည် ဆောက်ရေးလုပ်ငန်းခွင်သို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
          အဆိုပါ ပြည်နယ်တရားလွှတ်တော်ရုံး အဆောက်အအုံသစ်ကို ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ၂၀၂၅ – ၂၀၂၆ ဘဏ္ဍာရေးနှစ်မှ ၂၀၂၇ – ၂၀၂၈ ဘဏ္ဍာရေးနှစ်ထိ (၃)နှစ်စီမံကိန်းဖြင့် အဆိုပါ မြေဧရိယာ ၂ ဒဿမ ၂၇ ဧကအတွင်း (၂၀၆ × ၁၅၃ ပေ) RC (၄)ထပ် အဆောက်အဦအဖြစ် တည်ဆောက်လျက်ရှိပြီး တည်ဆောက်ရေးစီမံကိန်းရှိ ရှင်းလင်းဆောင်၌ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးများ၊ တရားရေးဌာနမှ တာဝန်ရှိသူများ၊ အဆောက်အဦသစ်တာဝန်ယူတည်ဆောက်လျက်ရှိသည့် ကုမ္ပဏီမှတာဝန်ရှိသူများနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ယခုနှစ် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် တည်ဆောက်လျက်ရှိသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ သတ်မှတ်ချိန်အတွင်း သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီအောင် တည်ဆောက်ပြီးစီးရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
         ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တရားလွှတ်တော်ရုံး အဆောက်အအုံသစ် မြေညီထပ်အကြမ်းထည် တည်ဆောက်ပြီးစီးမှု၊ ပထမထပ်တိုင်ထူ၊ ကွန်ကရစ်လောင်းခြင်းလုပ်ငန်းလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အတွက် ပင်မအဆောက်အအုံအပြင် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ကချင်ပြည်နယ်လွှတ်တော်ရုံး အနောက်ဘက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်ပိုင်) မြေဧရိယာအတွင်း ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ချီဖွေမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် စန်းကားကျေးရွာများမှ ယာယီတိမ်းရှောင် မိသားစုများအား နေရာချထားပေးခဲ့သည့် ချီဖွေစခန်းနှင့် စန်းကားစခန်းတို့အား သွားရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါစခန်းများအတွင်း မိသားစုများနေထိုင်စားသောက်နေမှု အခြေအနေ များ၊ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ကြပြီး နေအိမ်တန်းလျားများ ခိုင်ခန့်မှုရှိ/ မရှိတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စခန်းအတွင်း ကျောင်းနေအရွယ်ကလေးများအား မုန့်များကျွေးမွေးပေးခဲ့ကြသည်။
          ထို့အတူ ယမန်နေ့ ညနေပိုင်းကလည်း ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများသည် မြစ်ကြီးနားဇုံနယ် ကချင်နှစ်ခြင်းခရစ်ယာန်အသင်းချုပ်၏ ၂၀၂၆ ခုနှစ်၊ အသက် ၂၃ နှစ်အောက် လူငယ်ဖလားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် တြီနိတီအသင်းနှင့် စန်းကားအသင်းတို့၏ ယှဉ် ပြိုင်မှုကို နှစ်ခြင်းခရစ်ယာန် အသင်းချုပ်တာဝန်ရှိသူများ၊ အသင်းသူ/ အသင်းသားများ၊ ဘောလုံးအားကစားဝါသနာရှင်များနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြရာ တြီနိတီအသင်းက ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသည်။
          ယင်းနောက် ဆုများကို ပေးအပ်ချီးမြှင့်ရာ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချူပ် တာဝန်ရှိသူများနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆုရအသင်းများနှင့် ပါဝင်ကူညီသူများအား ဆုများကိုအသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။