ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာအတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့် ရိုးရာကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်

 ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာအတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့် ရိုးရာကောက်သစ်စားပွဲတော် ကျင်းပပြုလုပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၅

          ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်ရှိ မိုးစပါးစံပြစိုက်ကွက်အတွင်း ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တောင်သူလယ်သမားများ စုပေါင်း၍ တစ်နှစ်တာ အတွင်း ဦးဆုံးရရှိသည့် ကောက်ဦးစပါးဖြင့်  ရိုးရာကောက်သစ်စားပွဲတော်ကို ဒီဇင်ဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် တောင်သူလယ်သမားများ တက်ရောက်ကြသည်။

          ရိုးရာကောက်သစ်စားပွဲတော်တွင် ပြည်နယ်ဝန်ကြီးချုပ်က တောင်သူတို့၏ လယ်မှ တစ်နှစ် တာအတွင်း ပထမဆုံးထွက်ရှိသည့် စပါးကို ကြိတ်ခွဲကာ ဦးစွာရရှိသည့် ဆန်ဖြင့် ကျွေးမွေး စားသောက်ခြင်းဖြင့် ကောက်သစ်စားပွဲအဖြစ် ဆောင်ရွက်ခြင်းကို နှစ်စဉ်ရိုးရာမပျက် ကျင်းပခဲ့ ပါကြောင်း၊ ယခုနှစ် ကောက်သစ်စားပွဲတော်ကို မိမိနိုင်ငံ၊ မိမိတို့ ပြည်နယ်အတွက် အလေးထား စံပြုရသည့် တောင်သူဦးကြီးများနှင့်အတူ ယခုလို ရိုးရာကောက်သစ်စားပွဲတော် အတူတကွ ကျင်း ပခွင့်၊ ကောက်ဦးကောက်သစ်ကို အတူတကွစားသုံးခွင့်ရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါ ကြောင်း၊ ထို့အပြင်  မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများကို အလေးအနက်ထားကြောင်း ပြသခွင့်ရသည့်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြား သည်။

          ထို့နောက် ရိုးရာကောက်သစ်စားပွဲတော်အတွက် သိက္ခာတော်ရဆရာ Rev; ဇုန်းချမ်းက ဆုတောင်းဆက်ကပ်ပေးခြင်း၊ ဒေသနာတော်ဟောကြားခြင်းနှင့် ဘုန်းတော်ကြီးဖာသာဒေါက်တာ ပီတာခါးအောင်တူးက ပြည့်စုံဆုတောင်းခြင်းနှင့် အစားအသောက်အတွက် ဆုတောင်းဆက်ကပ် ခြင်းတို့ကို ဆောင်ရွက်ပေးကြပြီး လူငယ်များက ဓမ္မတေးသီချင်းဖြင့် သီဆိုဆက်ကပ်ကြရာ ဘုန်း တော်ကြီးဖာသာဒေါက်တာပီတာခါးအောင်တူးက ကောင်းချီးပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူး ချုပ်အောင်မျိုးဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲ များနှင့် စံပြစိုက်ကွက်အတွင်း စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေကြသည့် တောင်သူများနှင့်အတူ တစ်နှစ်တာအတွင်း ဦးစွာရရှိသည့် စပါးကို ကြိတ်ခွဲထားသည့် ဆန်အား ချက်ပြုတ်ထားသည့် ကောက်ဦးထမင်းကို အတူတကွ သုံးဆောင်ခဲ့ကြသည်။