မြစ်ကြီးနား ဇူလိုင် ၂
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သည့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မေခခန်းမ၌ ကျင်းပခဲ့ရာ အခမ်းအနားသို့ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်း၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ကော်မရှင် အဖွဲ့ဝင် ဦးလွန်းဘော် နှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ ကချင် ပြည်နယ်အစိုးရအဖွဲ့ရုံးမှ တာဝန်ရှိသူများ၊ CPU အဖွဲ့ဝင်များ အပါအဝင် (၂၉၆) ဦးတို့ တက် ရောက်ခဲ့ကြသည်။
ပထမဦးစွာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အဖွင့်အမှာစကား ပြောကြားရာ၌ အဂတိလိုက်စားမှုသည် ဖွံ့ဖြိုးတိုးတက်မှုများကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားပြုနိုင်သည့် ရောဂါဆိုးတစ်ခု ဖြစ်သည့်အပြင် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း ပင် ဖြစ်ပါကြောင်း၊ အဂတိကင်းရှင်းသည့် နိုင်ငံ့ဝန်ထမ်းများဖြင့် သန့်ရှင်းသော အစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ကို အကောင်အထည်ဖော် တည်ဆောက်ရမည် ဖြစ်ပါကြောင်း၊ ယခုလို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးရှင်းလင်း ဆွေးနွေးခြင်း အခမ်းအနားများကို အစိုးရဌာန/ အဖွဲ့အစည်းများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စိတ်စေတနာ ထက်သန်စွာဖြင့် လိုက်လံကျင်းပပေးနေ သည်ကို များစွာ ကြိုဆိုအားပေးပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုများကို စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ရာတွင် တိတိကျကျ မှန်မှန်ကန်ကန် ဆောင်ရွက်ပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ဘက်စုံထောင့်စုံက ကြိုးစားအကောင်အထည်ဖော်နေ ခြင်းကိုလည်း အသိအမှတ်ပြုရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌ ဦးစိုးသိန်းက အဂတိလိုက်စားမှုတိုက်ဖျက်ရေး နှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားရာ၌ အဂတိလိုက်စားမှုကို အဓိပ္ပာယ်ဖွင့်ဆိုရာတွင် ကမ္ဘာလုံးဆိုင်ရာ သဘောတူညီသည့် ဖွင့်ဆိုချက်ဟူ၍ မရှိဘဲ နိုင်ငံအလိုက် ယဉ်ကျေးမှုဓလေ့ ထုံးတမ်း သတ်မှတ်ချက်များအရ အဓိပ္ပာယ်ဖွင့်ဆိုကြပါကြောင်း၊ အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရား ပျက်ယွင်းခြင်းပင်ဖြစ်ပြီး “လာဘ်ပေးလာဘ်ယူမှု” အပြင် ခြိမ်းခြောက် ငွေညှစ်ခြင်း၊ လိမ်လည်ခြင်း၊ နိုင်ငံတော်ပိုင်ဘဏ္ဍာနှင့် ပစ္စည်းများကို အလွဲသုံးစားပြုခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ကိုယ်ပိုင်အဖြစ်သုံးစွဲခြင်း၊ မလျော်ဩဇာသုံး၍ မဲဆွယ်လွှမ်းမိုးခြင်း၊ မိမိ မိသားစုနှင့် ဆွေမျိုးကောင်းစားရေးဝါဒ အသုံးပြုခြင်း၊ မိမိနှင့် နီးစပ်အဆင်ပြေသူ ကောင်းစားရေးဝါဒရှိခြင်းတို့သည်လည်း အဂတိလိုက်စားမှုမြောက်သည့် အပြုအမူများ ဖြစ်ပါကြောင်း၊ ကော်မရှင်အနေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပါ ရည်ရွယ်ချက် ဖြစ်သည့် အများပြည်သူဆိုင်ရာအုပ်ချုပ်ရေးတွင် ဂုဏ်သိက္ခာနှင့်တာဝန်ယူနိုင်မှု မြင့်မား တိုးတက်လာစေရန် အသိပညာပေးကဏ္ဍနှင့် တားဆီးကာကွယ်ရေးကဏ္ဍတို့ကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဂတိလိုက်စားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးဖော်ထုတ် အရေးယူရပါက စွပ်စွဲခံရသည့်ပုဂ္ဂိုလ်၊ ဌာနနှင့် နိုင်ငံ၏ဂုဏ်သိက္ခာ ထိခိုက်စေသည့်အပြင် နိုင်ငံတော်မှ လေ့ကျင့်ပျိုးထောင်ထားသည့်အတွေ့အကြုံရှိသူများ ပြုန်းတီးသဖြင့် လူ့စွမ်းအား အရင်းအမြစ်ကို ထိခိုက်စေပါကြောင်း၊ အစိုးရဌာနများဖြစ်သည့် အများပြည်သူဆိုင်ရာကဏ္ဍ၊ ပုဂ္ဂလိက ကဏ္ဍနှင့် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် အများ ပြည်သူဝန်ဆောင်မှုပေးရာ၌ ဖြောင့်မတ်တည်ကြည်မှုရှိစွာ၊ ဘက်လိုက်ခြင်းကင်းစွာ၊ တာဝန်ယူ၊ တာဝန်ခံမှုရှိစွာဖြင့် ဝန်ဆောင်မှုပေးကြရန်လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။
ဆက်လက်၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံးမှ ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဝင်း က အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဦးကောင်းဇော်သန့်က အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေး ဟောပြောခဲ့ပြီး တက်ရောက်လာသူများက အဂတိလိုက်စားမှုနှင့်ပတ်သက်၍ သိရှိလိုသည့်အချက်များကို မေးမြန်းရာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရုံးမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။
၎င်းနောက် ကော်မရှင်အဖွဲ့ဝင် ဦးလွန်းဘော် ခေါင်းဆောင်၍ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit – CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့ အကြုံများ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရသည်။


