ကချင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး ဦးစီးကော်မတီအဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇွန် ၁၁

          နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးနှင့် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေး အတွက် ပြည်နယ်အဆင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို ဇွန် ၁၁ ရက် ညနေ ၃ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်အဆင့် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နေပြည်တော်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးအတွက် ပြည်နယ်လက်ရွေးစင်အကအဖွဲ့များ ရွေးချယ်နိုင်ရေး ပြည်နယ်အဆင့် ပြိုင်ပွဲအောင်မြင် စွာကျင်းပနိုင်ရေး ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များနှင့် ပြည်နယ်သဘင်အစည်းအရုံး တာဝန်ရှိသူများက ပြိုင်ပွဲအမျိုးအစားအလိုက် ဝါသနာရှင် ပထမတန်းနှင့် ဒုတိယတန်း၊ အခြေခံ ပညာအဆင့်ပြိုင်ပွဲများအလိုက် ပြိုင်ပွဲကျင်းပပြုလုပ်နိုင်ရေး၊ တိုင်းရင်းသားရိုးရာအက ရွေးချယ်ယှဉ် ပြိုင်နိုင်ရေး၊ မြို့နယ်အဆင့် ပြိုင်ပွဲများမှလက်ရွေးစင်အသင်းများကိုသာ ပြည်နယ်အဆင့်တွင်ရွေးချယ် ယှဉ်ပြိုင်နိုင်ရေး၊ ပြိုင်ပွဲဝင်များအတွက် အုပ်ချုပ်/ ထောက်ပံ့မှုဆိုင်ရာကိစ္စရပ်များ စသည့်တို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။