ကချင်ပြည်နယ်အတွင်း မြို့နယ် (၁၀) မြို့နယ်တွင် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဖွင့်လှစ်ပေးခဲ့သော ဥပဒေအသိပညာပြန့်ပွားရေး ဆရာအဖြစ်သင်တန်းဆင်း

မြစ်ကြီးနား     ဇွန် ၂၇

          ပြည်သူများ ဥပဒေအသိပညာပြန့်ပွားရေးအတွက် ဥပဒေရေးရာဝန်ကြီးဌာန၊ ကချင်ပြည်နယ် ဥပဒေချုပ်ရုံး၏ ကြီးကြပ်စီမံမှုဖြင့် မြို့နယ်ပေါင်း (၁၁)မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များအတွက် (၅) ရက်ကြာ ဖွင့်လှစ်ပေးခဲ့သော ဥပဒေအသိ ပညာပြန့်ပွားရေး ဆရာအဖြစ်(TOT) သင်တန်းဆင်းပွဲကို မြစ်ကြီးနားမြို့နယ် စုပေါင်းရုံးအတွင်းရှိ မနောရွှေပြည်ခန်းမ၌ ဇွန် ၂၆ ရက် ညနေ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြသည်။

          အဆိုပါ သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရက ယခုသင်တန်းတွင် ဥပဒေဘာသာရပ် (၁၁) မျိုးကို သင်ကြားပို့ချပေးခဲ့သည့် အတွက် ဥပဒေပါပြဋ္ဌာန်းချက်များကို နားလည်သိရှိထားပြီး ထိုဥပဒေပြဋ္ဌာန်းချက်များကိုလည်း မိမိတို့ ကိုယ်တိုင်က စံပြအဖြစ်လိုက်နာကြရန်နှင့် ရပ်ကွက်နေပြည်သူများကိုလည်း ပြန်လည်ဖြန့်ဝေပေးကြရန်၊ သို့မှသာ ပြည်သူများ ယုံကြည်အားကိုးထိုက်သူများ ဖြစ်လာမည်ဖြစ်သည့်အပြင် ရပ်ရွာအေးချမ်းသာယာ ရေးနှင့် တရားဥပဒေစိုးမိုးကဏ္ဍများ ပိုမိုတိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် ပြည်နယ်ဥပဒေချုပ် ဒေါ်နန်းလှလှအေးတို့က သင်တန်းကာလ (၅) ရက်တာ ကာလအတွင်း မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်များမှ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး များထဲမှ ပထမ၊ ဒုတိယနှင့် တတိယဆုရ ထူးချွန်သင်တန်းအုပ်ချုပ်ရေးမှူးများအား ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ချီးမြှင့်ငွေများကို လည်းကောင်း၊ သင်တန်းဆင်းလက်မှတ်များကို လည်းကောင်း အသီးသီးပေးအပ်ခဲ့ ကြသည်။

          ဆက်လက်၍  ပြည်နယ်ဥပဒေအရာရှိ ဦးစန်းလွင်ဦးက ကျေးဇူးတင်စကားနှင့် ရပ်ကွက်/ ကျေးရွာ များအတွင်းရှိ ပြည်သူများအား ဥပဒေအသိပညာ၊ ဗဟုသုတများ ရရှိအောင် ကြိုးစားဆောင်ရွက်ပေးကြ ရေး အလေးအနက်ထား တိုက်တွန်းလိုကြောင်း အကြုံပြုပြောကြားခဲ့သည်။

          အဆိုပါ ဆရာအဖြစ်သင်တန်းကို ဥပဒေရေးရာဝန်ကြီးဌာန၏ လူတိုင်းဥပဒေအသိပညာရရှိရမည် ဆိုသည့် အညွှန်ကိန်းကို ပထနမဦးဆုံးဖော်ဆောင်သူအနေဖြင့် အခြေခံကျသည့် အုပ်ချုပ်ရေးမှူးများအား စတင်သင်တန်းပေးခြင်းဖြစ်ပြီး ကချင်ပြည်နယ်အတွင်း မြို့နယ်ပေါင်း (၁၁) မြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေးဝန်ထမ်း စုစုပေါင်း(၅၅၂)ဦးတို့အား  သက်ဆိုင်ရာမြို့နယ် များအလိုက် မြို့နယ်ဥပဒေအရာရှိများနှင့် ဒုတိယဥပဒေအရာရှိများက သင်တန်းနည်းပြများအဖြစ် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရာဇသတ်ကြီးဥပဒေ၊ ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခြင်းဥပဒေ/ နည်းဥပဒေများ၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ/ နည်းဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်း လဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေ/နည်းဥပဒေများ၊ လောင်းကစား ဥပဒေ/ နည်းဥပဒေများ၊ ရာဇဝတ်ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေများ စသည့် ဥပဒေဆိုင်ရာ ဘာသာရပ် (၁၁)မျိုးကို သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။