ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက မြစ်ကြီးနားမြို့ အခြေခံပညာအထက်တန်းကျောင်းများ၌ ကျောင်းတွင်းအာဟာရကျွေးမွေးမှုအား ကြည့်ရှုစစ်ဆေး၊ မိုးညှင်းမြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မူကြိုကလေးငယ်များအား ထောက်ပံ့ပေးအပ်

မြစ်ကြီးနား   ဇူလိုင်၃၁

         ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ မူလတန်းကလေးငယ်များအား ကျောင်းတွင်း အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အပတ်စဉ်တစ်ပတ်လျှင် (၂)ရက် ကျွေးမွေးလျက်ရှိရာ ဇူလိုင် ၃၀ ရက် နံနက်ပိုင်းတွင် ကလေးများအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ကချင်ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက သွားရောက်အား ပေးခဲ့ကြသည်။

          ရှေးဦးစွာ မြစ်ကြီးနားမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အေးမြသီတာခန်းမ၌ KG ကလေးငယ်များအား ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်၊ ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်၊ ဆရာ/ ဆရာမများ၊ ကျန်းမာရေးဝန်ထမ်းများက ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ အဖွဲ့ ဥက္ကဋ္ဌနှင့်အသင်းဝင်များ၊ မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များက လှည့်လည် ကြည့်ရှုအားပေးခဲ့ကြပြီး ကလေးများအားရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကျွေးမွေးခဲ့ကြသည်။

          အလားတူ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း၊ မဉ္ဇူခန်းမ၌ KG ကလေးငယ်များအား ကျောင်းတွင်းအာဟာရကျွေးခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အတူ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များသည် ဇူလိုင် ၂၉ ရက် နေ့ကလည်း မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးကြီးမှုစောင့်ရှောက်ရေးအသင်းဝင်များနှင့်အတူ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရထောက်ပံ့ခြင်း အခမ်းအနားသို့ တက်ရောက်ပြီး နာယကက ကိုယ်ဝန်ဆောင်မိခင်များအား မိမိကလေးငယ်အတွက် အာဟာရပြည့်စုံကြွယ်ဝသည့် အစားအသောက်များကို စားပေးခြင်းအားဖြင့် မိခင်နှင့်ကလေးကျန်းမာရေးအတွက် အလွန်အရေးကြီးကြောင်း ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကားပြောကြားသည်။

          ဆက်လက်၍ ကျန်းမာရေးဝန်ထမ်းတစ်ဦးက ကိုယ်ဝန်ဆောင်များ လိုက်နာနေထိုင်ရမည့် အချက်အလက်များနှင့် ညီညွတ်မျှတသည့်အာဟာရဖြစ် အစားအသောက်များအကြောင်းကို အသိပညာပေးဆွေးနွေးပြီး နာယကနှင့် အဖွဲ့ဝင်များက ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြစ် စားသောက်ဖွယ်များကိုလည်းကောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကိုလည်းကောင်း အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထို့နောက် မိုးညှင်းမြို့ရှိ လူမှုဝန်ထမ်းဦးစီးဌာနပိုင် မူလတန်းကြိုကျောင်းသို့ သွားရောက်ပြီး မူကြိုကလေးငယ်များအား ရင်းနှီးချစ်ခင်စွာ ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း အစီအစဉ်တစ်ရပ်အဖြစ် နွားနို့နှင့်မုန့်များကို ကျွေးမွေးပေးခဲ့ကြပြီး နာယကနှင့်အဖွဲ့ဝင်များက ကလေးငယ်များအတွက် ကျောင်းလွယ်အိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် စုပေါင်းရုံး၌ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံပြီး နာယကက ပြည်သူ့အကျိုးပြုလုပ်ငန်းများကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ် မူဝါဒ/လမ်းညွှန်ချက်များနှင့်အညီ တိုးမြှင့်လုပ်ဆောင်ကြရန် ရှင်းလင်းပြောကြားပြီး ခရိုင်/ မြို့နယ်အဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများနှင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။