ကချင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုတိုးတက်စေရေး၊ အောင်မြင်မှုရရှိရေးအတွက် အားကစားဆပ်ကော်မတီနှင့်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     ဧပြီ ၂၉

၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်၊ တောင်ကြီး၊ ပုသိမ်၊ ဘားအံနှင့် ပဲခူးမြို့တို့တွင် ကျင်းပပြုလုပ်သွားမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများတွင် ကချင်ပြည်နယ်မှ ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုများ ရရှိစေရေးအတွက် ကချင်ပြည်နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်သည် ယနေ့ နံနက် ၉ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ အားကစားဆပ်ကော်မတီ အဖွဲ့ဝင် များနှင့် တွေ့ဆုံသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးက ပြည်နယ်နှင့် တိုင်းဒေသကြီးပြိုင်ပွဲများတွင် မိမိတို့ကချင်ပြည်နယ်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင် အောင်မြင်မှုရရှိစေရေး ကြိုတင်ပြင်ဆင်စုဖွဲ့ရမည့်ကိစ္စများ၊ အားကစားနည်းအလိုက် အားကစားသမားများ စခန်းသွင်း လေ့ကျင့်ပြင်ဆင်ရမည့်ကိစ္စများနှင့် အောင်နိုင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့မှုဆိုင်ရာများကို ဖြည့်ဆည်းပေးနိုင်ရေးအပြင် ပြည်နယ်၏ အားကစားကဏ္ဍပိုမိုတိုးတက်အောင်မြင်စေရေး ဆပ်ကော်မတီများနှင့် လက်တွဲညီညီ အကောင် အထည်ဖော် ဆောင်ရွက်မှာသာ ပြီးပြည့်စုံသော အောင်မြင်ကို ရှိရမည်ဖြစ်ပါကြောင်း၊ ဆပ်ကော်မတီအလိုက် ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များကို ပေါင်းစပ်ဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များ ပံ့ပိုးကူညီဆောင်ရွက်ပေးနိုင်ရေး ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက ပြည်နယ်၏ အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့လုပ်ငန်းစဉ်များနှင့် ရက်ပေါင်း ၁၀၀ အတွင်း ဆောင်ရွက်သွားမည့် အားကစားဖွံ့ဖြိုး‌ရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြီး တက်ရောက်လာကြသည့် အားကစားနည်းအလိုက် ဆပ်ကော်မတီများမှ ဥက္ကဋ္ဌများနှင့်  တာဝန်ရှိသူများက ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများနှင့် လိုအပ်ချက်များကို ဆွေး‌နွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက အားကစားနည်းအလိုက် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး မျိုးဆက်သစ်လူငယ် အားကစားသမားများ စဉ်ဆက်မပြတ် လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးနှင့် ဆပ်ကော်မတီများ၏ လိုအပ်ချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးက ပြည်နယ်အတွင်းရှိ အားကစားနည်း(၁၅)နည်းအတွက် ဖွဲ့စည်းတာဝန်ပေးအပ်ထားသည့် ဖွဲ့စည်းမိန့်များနှင့် မြစ်ကြီးနားမြို့ရှိ အားကစားရုံ၊ အားကစားကွင်းများတွင် ဖွင့်လှစ်ခဲ့သည့် နွေရာသီအားကစားသင်တန်းမှ အားကစားနည်းအလိုက် နည်းပြများအား ဂုဏ်ပြုချီးမြှင့် ငွေကျပ် (၉၈) သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။