မြစ်ကြီးနား ဧပြီ ၂၉
ဧရာဝတီမြစ်ဆုံ – မြစ်ညာမြစ်ဝှမ်းရေအားလျှပ်စစ် စီမံကိန်းနှင့်စပ်လျဉ်း၍ စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ်ဒေသခံကော်မတီအဖွဲ့ဝင်များက စီမံကိန်းနှင့် ပတ်သက်၍ ဝိုင်းမော်မြို့နယ်၊ နောင်ချိန်းကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင် မိသားစုများ၊ ဒေသခံပြည်သူလူထုများအား တွေ့ဆုံရှင်း လင်းဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီက နောင်ချိန်းကျေးရွာ ကချင်နှစ်ခြင်းခရစ်ယာန်အသင်းတော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ ခေတ်သည် လျှပ်စစ်စွမ်းအားသည် မိမိတို့အားလုံးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်သကဲ့သို့ ဒေသဖွံ့ဖြိုးရေး၊ လူမှု စီးပွားဘဝမြင့်မားလာစေရေးအတွက် အရေးကြီးသည့် အထောက်အပံဖြစ်သည်ကို အားလုံးကသိရှိ နားလည်လက်ခံရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တွေ့ဆုံမှုသည်လျှပ်စစ်စွမ်းအင် အရင်းအမြစ်အတွက် ရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသခံကော်မတီအဖွဲ့ဝင်များ၊ ပညာရှင်များက ရှင်းလင်းဆွေးနွေးပေးသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် နောင်လာမည့် မျိုးဆက်သစ်များအတွက် ပိုမိုကောင်းမွန်သည့် အခွင့်အလမ်းများရရှိစေနိုင်မည့် စီမံကိန်းကို အားလုံးက ညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများက ကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၁၉)ခုမှ သဘာဝဘေးကြောင့်ထိခိုက်ခဲ့ရသည့် ယာယီတိမ်းရှောင်အိမ်ထောင်စုများအတွက် ဆန်၂၄ ပြည်ပါအိတ် ၅၀၀ အိတ်နှင့် လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ယာယီစခန်းအတွင်း အမိုးအကာပျက်စီးသွားမည့် အိမ်ထောင်စုများအတွက် ငွေကျပ်သိန်း ၂၀၀ ဖြင့် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် ဒေသခံကော်မတီအဖွဲ့ဝင်များဖြစ်သည့် ဦးထွန်းထွန်းလှိုင်၊ ဦးဂျန်ခုန့် (ခ) ဦးနော်ခုန့်တို့က ရေအားလျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ နည်းပညာဆိုင်ရာများ၊ ဘူမိဗေဒဆိုင်ရာတွေ့ရှိချက်များ၊ ဆည်တာတမံကြီးများနှင့် ဖွံ့ဖြိုးတိုးတက်တက်မှုများ စသည့်အကြောင်းအရာများကို ပါဝါပွိုင့်များဖြင့် ရှင်းလင်းဆွေးနွေးပေးကြရာ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ နည်းပညာဆိုင်ရာကိစ္စရပ်များ၊ စိုးရိမ်ပူပန်နေမှုများနှင့် ဒေသခံပြည်သူလူထုဘက်မှ အကျိုးခံစားခွင့်ဆိုင်ရာများ၊ သိလိုသည်အချက်များကို တင်ပြေဆွေးနွေးကြရာ ဒေသခံကော်မတီအဖွဲ့ဝင်များက မေးမြန်းမှုများအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် အပြန် အလှန်ဆွေးနွေးပေးခဲ့ကြသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသခံကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာနေပြည်သူများ၊ ကျေးရွာအုပ်စုအတွင်းရှိ ယာယီတိမ်းရှောင်စခန်း (၁၉)ခုနှင့် နောင်တာလောစခန်းတို့မှ အိမ်ထောင်စုများ စုစုပေါင်း လူဦးရေ ၁၅၀၀ နီးပါးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ် သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ လူရည်ချွန်မောင်/ မယ်များ၏ သြဝါဒခံယူပွဲ အခမ်းအနားသို့ တက် ရောက်ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ လူရည်ချွန်မောင်မယ်များအနေဖြင့် အနာဂတ်တွင် တိုင်းပြည်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြမည့် သူများဖြစ်ပေါ်လာမည်ဖြစ်သည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိပါကြောင်း၊ ထို့အပြင် မောင်မယ်များအနေဖြင့် စခန်းအသီးသီးသို့ သွားရောက်ကြမည်ဖြစ်သည့်အတွက် ကျန်းမာရေးအထူးဂရုစိုက်ကြရန်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ လူရည်ချွန်မောင်မယ်များနှင့် ပူးပေါင်းပြီး လေ့လာသင်ယူကြရန် အထူးမှာကြားလိုပါ ကြောင်းဖြင့် ဂုဏ်ပြုပြောကြားပြီး လူရည်ချွန်မောင်မယ်များက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြင်ဦးလွင်၊ အင်းလေး၊ ငွေဆောင်၊ နေပြည်တော် အပန်းဖြေစခန်းများသို့ သွားရောက်ကြမည့် လူရည်ချွန်မောင်မယ်များနှင့် ကြီးကြပ်ရေးဆရာ၊ ဆရာမများအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ်စုစုပေါင်း ၄၃ သိန်းကို ချီးမြှင့်ပေးအပ်ခဲ့ကြရာ လူရည်ချွန်ကျောင်း သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး လူရည် ချွန်မောင်/မယ်များနှင့် အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြကြောင်း သိရသည်။



