ကချင်ပြည်နယ်၀န်ကြီးချုပ်က IDPs စခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ ကိစ္စရပ်များအား ဘာသာရေးခေါင်းဆောင်များ၊IDPs စခန်းတာ၀န်ခံများနှင့် တွေ့ဆုံဆွေး‌နွေး

 ကချင်ပြည်နယ်၀န်ကြီးချုပ်က IDPs စခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးဆိုင်ရာ ကိစ္စရပ်များအား ဘာသာရေးခေါင်းဆောင်များ၊IDPs စခန်းတာ၀န်ခံများနှင့် တွေ့ဆုံဆွေး‌နွေး

မြစ်ကြီးနား            နိုဝင်ဘာ၁၉

ကချင်ပြည်နယ်အတွင်းရှိ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရေးဆိုင်ရာ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးအား နို၀င်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးရှိ မလိခခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးခက်ထိန်နန် ၊အစိုးရအဖွဲ့၀င် ပြည်နယ်၀န်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ ၊ IDPs စခန်းများမှ တာ၀န်ခံ များနှင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ တက်ရောက်သည်။

ဉီးစွာ ကချင်ပြည်နယ် ၀န်ကြီးချုပ် ဉီးခက်ထိန်နန်က ပြည်တွင်းနေရပ်စွန့်ခွာသူများ  ပြန်လည်နေရာချထားရေး၊ ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေး ကိစ္စရပ်များအတွက် လုပ်ငန်းကော်မတီများ ကျစ်လစ်စွာ ဖွဲ့စည်းကာ လက်တွေ့ ထိရောက်အောင်မြင်အောင် ဆောင်ရွက်‌ရန် အစည်းအဝေးသို့ တက်ရောက်လာသော တာ၀န်ရှိ ပုဂ္ဂိုလ်များအနေဖြင့် လိုအပ်ချက်များ အခက်အခဲများအား စိတ်အားထက်သန်စွာ တင်ပြဆွေး‌နွေး ပေးကြရန် တိုက်တွန်းမှာကြားသည်။

ဆက်လက်ပြီး ကချင်ပြည်နယ်အစိုးရအဖွဲ့၀င် လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းမှ IDPs စခန်းများရှိ ပြည်သူများ ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်နိုင် ရေးအတွက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအပြင် အဖက်ဖက်မှ ကူညီဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ပြောကြားပြီး ၊ပြည်နယ် ၀န်ကြီးများမှ ဖြည့်စွက်‌ ဆွေးနွေးခဲ့ကြသည်။ အဲ့ဒီနောက် မိုင်းနား(RC) ယာယီခိုလှုံရာစခန်း တာ၀န်ခံမှ ကျွန်းတောကွက်သစ်နှင့် (၄)မိုင်ကျေးရွာ တွင် ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ပြီးစီးသည့်  နေအိမ်များအတွက် လျှပ်စစ်မီး နှင့်‌ သောက်သုံးရေရရှိရေး၊ လမ်းများ‌ ဖောက်လုပ်ပေးရေး ကိစ္စရပ်များအား တင်ပြဆွေးနွေးပြီး၊IDps စခန်းတာ၀န်ခံများမှ စခန်းရှိပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေးအား ရာနှုန်းပြည့်ထိုးနှံ‌ နိုင်ရေးအတွက် အမြင်ဖွင့် ကျန်းမာရေးအသိပညာ ပေးခြင်းများအား ဆောင်ရွက်ပေးရန် တင်ပြဆွေးနွေးသည်။

ထို့နောက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူးမှ IDPsစခန်းများရှိ ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများ၊ ကျန်းမာရေး၊ပညာရေး ၊လူနေမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးနှင့်  အသက်မွေး၀မ်း‌‌ကျောင်းလုပ်ငန်းများ‌ ဖော်ဆောင်ပေး နိုင်ရေးအတွက် မဟာဗျူဟာများချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားပြီး ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာ စခန်းများ ပိတ်သိမ်းရေးကော်မတီ၀င်များက အသီးသီး ဖြည့် စွက်ဆွေးနွေး တင်ပြခဲ့ကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်၀န်ကြီးချုပ်က ပြန်လည်နေရာချထားရေးအတွက် ဆောက်လုပ်ပြီးစီးသည့် နေအိမ်များအတွက် လမ်းနှင့် ရေ၊မီးရရှိရေးအား ဘတ်ဂျတ် လျာထား တောင်းခံပေးမည်ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံ‌နိုင်‌ရေး ကိစ္စရပ်များအတွက် အမြင်ဖွင့်ကျန်းမာရေးအသိပညာပေးနိုင်ရန်  ပြည်နယ်ကျန်းမာရေးဦးစီးဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားကာ တက်ရောက်လာသော IDPs စခန်းအသီးသီးမှ တာ၀န်ခံများအား နှာခေါင်းစည်း Maskများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ကချင်ပြည်နယ်အတွင်း လွန်ခဲ့သည့် ၂၀၁၄ခုနှစ်မှ ယနေ့အထိ ပြည်တွင်းနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၆၀၇ စု လူဦးရေ ၈၂၅၄ ဦးအား ပြည်လည်နေရာချထားပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။