ကချင်ပြည်နယ်၌ ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်နှုန်းပိုမိုရရှိသည့်အပြင် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေသော နေကြာသီးနှံကို ပြည်နယ်အတွင်း ဧက ၁၀၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်၌ ဆီစားသုံးမှု ဖူလုံစေရေးအတွက် ဆီထွက်နှုန်းပိုမိုရရှိသည့်အပြင် စိုက်ပျိုးသူတောင်သူများ အကျိုးအမြတ်ပိုမိုရရှိစေသော နေကြာသီးနှံကို ပြည်နယ်အတွင်း               ဧက ၁၀၀၀၀ ကျော် တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဇူလိုင် ၂၂

          ကချင်ပြည်နယ်အတွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် ဆီထွက်နှုန်း ပိုမိုရရှိသည့်အပြင် စိုက်ပျိုးသူတောင်သူများ ပိုမိုအကျိုးအမြတ်ဖြစ်ထွန်းစေသော နေကြာသီးနှံကို တိုးချဲ့စိုက်ပျိုးထုတ် လုပ်သွားရန် လိုအပ်ကြောင်း ဇူလိုင် ၂၂ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်ကြီးကြပ်ရေးကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် ဆန်စပါး ဖူလုံလောက်ငှမှုရှိသော်လည်း စားသုံးဆီဖူလုံမှုတွင် ၅၅.၉၃ ရာခိုင်နှုန်းသာရှိသည့်အတွက် နိုင်ငံတော် ၏ လမ်းညွှန်မှာကြားချက်နှင့်အညီ ရာသီအလိုက် စိုက်ပျိုးဖြစ်ထွန်းရန် လွယ်ကူပြီး ဆီထွက်နှုန်းပိုမို ရရှိသည့် နေကြာသီးနှံကို ပြည်နယ်တစ်ဝှမ်း ဧက ၁၀၀၀၀ ကျော်လျာထား တိုးချဲ့စိုက်ပျိုးထုတ်လုပ် သွားရမည် ဖြစ်ပါကြောင်း၊ ထို့သို့ဆောင်ရွက်ရာတွင် တစ်ဧကအထွက်နှုန်းကောင်းစေရေး နည်းပညာ လိုအပ်ချက်၊ မျိုးကောင့်မျိုးသန့်များ ဖြန့်ဝေပေးနိုင်ရေးနှင့် ရည်မှန်းချက် အောင်မြင်ပြည့်မီအောင် စိုက်ပျိုးထုတ်လုပ်နိုင်ရေး တောင်သူများအပါအဝင် ဆက်စပ်ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးဌေးလွင်က ပြည်နယ်အတွင်း ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းရာသီ နေကြာသီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ကော်မတီများဖွဲ့စည်းဆောင်ရွက်ထားရှိမှု၊ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးသွားမည့် အစီအမံ များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ကြုံတွေ့လာနိုင်သည့် အခက်အခဲများရှင်းလင်း တင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပြည် နယ်အတွင်း နှစ်အလိုက် နေကြာစိုက်ပျိုးခဲ့မှု အခြေအနေများ၊ တောင်သူစည်းရုံးရေး၊ မျိုးစေ့ရရှိရေး၊ မျိုးဖြန့်ဖြူးသွားမည့် အသေးစိတ်အစီအစဉ်များ၊ ဆီကြိတ်ခွဲထုတ်လုပ်ရေး၊ ဈေးကွက်ရရှိရေးတို့ အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ဆောင်ရွက်သွားရမည့် ကိစ္စရပ်များအပေါ် သုံးသပ် အကြံပြုဆွေးနွေးတင်ပြခဲ့ကြသည်။

          ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က နေကြာသီးနှံတိုးချဲ့စိုက်ပျိူးထုတ်လုပ်မှု အောင်မြင်ရေးအတွက် ပြည်နယ်၊ခရိုင်၊မြို့နယ်ကော်မတီများ အဆင့်ဆင့်ဖွဲ့စည်းဆောင်ရွက်သွားရေး၊ မြို့နယ်အလိုက် စံပြစိုက်ခင်းများ စိုက်ပျိုးထူထောင်‌ရေး၊ တောင်သူများနှင့် ဆက်သွယ်စည်းရုံး လှုံ့ဆော်ပြီး အောင်မြင်အောင်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့သည်။

          ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဆီစားသုံးဖူလုံစေရေးအတွက် နေကြာ သီးနှံကို ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းရာသီတွင် မြစ်ကြီးနားခရိုင်အတွင်း ၃၀၆ ဧက၊ မိုးညှင်းခရိုင်တွင် ၈၁၀၈ ဧက၊ ဗန်းမော်ခရိုင်တွင် ၂၂၂၇ ဧက စုစုပေါင်း လျာထားစိုက်ပျိုးဧက ၁၀၆၄၁ ဧက စိုက်ပျိုး ထုတ်လုပ်သွားမည်ဖြစ်ပြီး ပူတာအိုခရိုင်အနေဖြင့် နေကြာသီးနှံ စိုက်ပျိုးဖြစ်ထွန်းမှုအတွက် ပူတာအို၊ မချမ်းဘော၊ နောင်မွန်မြို့နယ်များတွင် စမ်းသပ်စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။