ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ လျော်ကြေးပေးနိုင်ရေး အတွက် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းနှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ  လျော်ကြေးပေးနိုင်ရေး အတွက် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြစ်ကြီးနား     ဇွန် ၂၄

          ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်း (၁၁၀ ကေဗွီ)နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များ ခုတ်လှဲနိုင်ရေးနှင့် လျော်ကြေးပေးအပ်နိုင်ရေးအတွက် ဇွန် ၂၃ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၄/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ကော်မတီအဖွဲ့ဝင်များနှင့် ခြံပိုင်ရှင်များပါဝင်၍ ညှိနှိုင်း ဆွေးနွေးခဲ့ကြသည်။

          ထိုသို့ ဆွေးနွေးရာတွင် ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်အစိုးရ၏ ဦးတည်ချက်အတိုင်း ပြည်တွင်း/ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ မိမိတို့ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်သူ/ ပြည်နယ်သားများ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အတွက် လျှပ်စစ်စွမ်းအားလုံလောက်စွာရရှိရေးသည်လည်း အခြေခံကျသည့် ကဏ္ဍဖြစ်ပါကြောင်း၊ ထို့ကြောင့် ယနေ့ တက်ရောက်လာကြသည့်သူများအနေဖြင့် ချီဖွေ – ဝိုင်းမော် – မြစ်ဆုံဓတ်အားလိုင်း နှင့် မလွတ်ကင်းသည့် နှစ်ရှည်ပင်များခုတ်လှဲနိုင်ရေး၊ တောင်သူနစ်နာမှုမရှိအောင်လျော်ကြေးပေးအပ် နိုင်ရေး ညှိနှိုင်းဆွေးနွေးဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ချီဖွေငယ်ရေအားလျှပ်စစ်ကုမ္ပဏီလီမိတက်နှင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ မြစ်ဆုံဓာတ်အားခွဲရုံနှင့် ဝိုင်းမော်မဟာဓာတ်အားလိုင်းခွဲရုံတို့မှ တာဝန်ရှိသူများက ၁၁၀ ကေဗွီ ချီဖွေ-ဝိုင်းမော်-မြစ်ဆုံဓာတ်အားလိုင်းရှိ လျှပ်စစ်အန္တရာယ်ကင်းလွတ်မှုမရှိသော သစ်ပင်များနှင့် စပ်လျဉ်း၍ ၂၀၂၂ ခုနှစ်၊မေလအတွင်း ဓာတ်အားလိုင်းကြံ့ခိုင်ရေးစစ်ဆေးဆောင်ရွက်ခဲ့စဉ်ကောက်ယူရရှိခဲ့သော ဒေသခံစိုက်ခြံပိုင်ရှင်များ၏ နှစ်ရှည်ပင်စာရင်းများ၊ လျော်ကြေးပေးအပ်နိုင်ရေး အပင်အမျိုးအစား အလိုက်သစ်တောဦးစီးဌာန၏ (၁)ဧကသတ်မှတ်ချက်အရ ချီဖွေငယ်ရေအားလျှပ်စစ်ကုမ္ပဏီမှ ခန့်မှန်း တွက်ချက်ထားသော လျော်ကြေးနှုန်းထားများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မန်ဝိန်းကျေးရွာ၊ ဝါရှောင်ကျေးရွာ၊ နောင်ချိန်းကျေးရွာတို့မှစိုက်ခြံပိုင်ရှင်များကလိုလားချက်များအပေါ် ရှင်းလင်းတင်ပြ ကြရာ ပြည်နယ်ဝန်ကြီးများနှင့် ကော်မတီအဖွဲ့ဝင်များက သုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။

          တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မြို့နယ်အဆင့် ကွင်းဆင်းစစ်ဆေးရေး အဖွဲ့နှင့် မြေပြင်အခြေအနေ ကွင်းဆင်းစစ်ဆေးနိုင်ရေးအတွက် လိုအပ်သည်များကို တာဝန်ရှိသူများ နှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။