နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်များကို ပေါင်းစပ်၍ လုပ်ငန်းစဉ်စနစ်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းများရေးဆွဲဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

 နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကချင်ပြည်နယ်အတွက် မတည်ပေးသည့် ကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်များကို ပေါင်းစပ်၍ လုပ်ငန်းစဉ်စနစ်များ၊ ဆောင်ရွက်ရမည့်နည်းလမ်းများရေးဆွဲဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၁၇

          နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ ပြည်နယ်စီးပွားမြှင့်တင်ရေး  မတည်လွှဲပြောင်းပေးအပ် ခဲ့သည့် ငွေကျပ် ၈ ဘီလီယံအား ပြည်နယ်စီးပွားမြှင့်တင်ရေးအတွက် လုပ်ငန်းစီမံချက်များအား ပေါင်းစပ်၍ လုပ်ငန်းစဉ်စနစ်များ၊ဆောင်ရွက်ရမည့်နည်းလမ်းများရေးဆွဲဆောင်ရွက်နိုင်ရေး ပြည်နယ် အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ပြည်နယ်စီးပွားမြှင့်တင်ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၁၃ ရက် မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရ အဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် ရန်ပုံငွေမှ ကျပ် ၈ ဘီလီယံ ရရှိခဲ့မှုအပေါ် ပြည်နယ်စီးပွား မြှင့်တင်ရေးအတွက် နိုင်ငံတော်အကြီးအကဲ၏လမ်းညွှန်မှာကြားချက်၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း နှင့်အညီ သုံးစွဲသွားနိုင်ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်မြှင့်မားလာစေရေး၊ ကျေးလက်ဒေသများ ဖွံ့ဖြိုးရေးအတွက် ဆက်စပ်ဌာနဆိုင်ရာများ၏ စိုက်ပျိုးမွေးမြူရေးမြစိမ်းရောင်စီမံကိန်း စီမံချက်များကို ပေါင်းစပ်၍ အကောင်အထည်ဖော်ဆောင် ရွက်ရမည့်လုပ်ငန်းများအား လုပ်ငန်းစဉ်စနစ်များ၊ ဆောင်ရွက်ရမည့် နည်းလမ်းများကို ရေးဆွဲ၍ လျှင်မြန်စွာ တိုးတက်အောင်မြင်နိုင်သည့် လုပ်ငန်းများဖြစ်စေရေး၊ အကျိုးရှိထိရောက်အောင်မြင်မည့် လုပ်ငန်းများဖြစ်စေရေး၊ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရေး ဝိုင်းဝန်းဆွေးနွေး ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက ပြည်နယ်စီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် စီမံကိန်းမဟာဗျူဟာရေးဆွဲဆောင်ရွက်ရာတွင်ပါဝင်သည့်လုပ်ငန်းများနှင့်အကောင်အထည် ဖော်ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ဖြည့်စွက်ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာနအောက်ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနများအလိုက် စိုက်ပျိုး မွေးမြူ‌ရေးမြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် စီမံချက်ပါ စိုက်ပျိုး မွေးမြူ‌ရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများကို ပိုမိုတိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ ကျေးလက်နေမိသားစုများဝင်ငွေတိုးပွားရေး၊ အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထူထောင်ပေးသွား မည့် အစီအစဉ်များ၊ မတည်ရန်ပုံငွေများ ထုတ်ချေးသွားမည့် ကိစ္စရပ်များ၊ စီမံကိန်းကျေးရွာ များနှင့် စီမံကိန်းကာလ ရွေးချယ်သတ်မှတ်နိုင်ရေး စသည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် ဝန်ကြီးများက ကြီးကြပ်မှုကော်မတီများ ဖွဲ့စည်းဆောင်ရွက်နိုင်ရေး ဖြည့်စွက်ရှင်းလင်း ဆွေးနွေးခဲ့ ကြသည်။

          ယင်းနောက် ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ လျင်မြန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် လုပ်ငန်းစီမံကိန်းကြီးကြပ်မှု ကော်မတီဖွဲ့စည်းနိုင်ရေး၊ ကျေးရွာအဆင့်အထိ ကြီးကြပ်မှုကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက် သွားနိုင်ရေးနှင့်  လုပ်ငန်းစဉ်စနစ်နှင့် ဆောင်ရွက်ရမည့်နည်းလမ်းများကို ရေးဆွဲရေး လိုအပ်သည်များ ကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။