မြစ်ကြီးနား မေ ၁၂
ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံ၍ ပြည်နယ်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်မှ မတည်ပေးထားသည့် ငွေကျပ် ၈ ဘီလီယံအား စနစ်တကျဖြင့် အရှိန်အဟုန်မပျက် လည်ပတ်နိုင်ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ၈ ဘီလီယံကို ကိုဗစ်ကာလနိုင်ငံတော်စီးပွားရေး ပြန်လည်ဦးမော့လာစေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ် လုပ်ငန်းများကို ချေးငွေများဖြင့် မတည်ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ထို့ကြောင့် ကျေးရွာစီမံကိန်းများအတွက် တောင်သူပေါင်းတစ်သောင်းကျော်ထံ မတည်ပေးနိုင်ခဲ့ပြီး လုပ်ငန်းလည်ပတ်နိုင်ခဲ့ပါကြောင်း၊ ထို့အတူ ယနေ့အစိုးရသစ်လက်ထက်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို ပုံမှန်လည်ပတ်နိုင်ရေး၊ စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးနှင့် တောင်သူများ စီးပွားဖြစ်ထွန်းစေရေး ရန်ပုံငွေများကို စီမံကိန်းလက်စွဲစာအုပ်ပါအတိုင်း စနစ်တကျစီမံဆောင်ရွက်ပေးခြင်းဖြင့် ကဏ္ဍအလိုက် တိုးတက်ဖွံ့ဖြိုးလာအောင် ဆက်လက်ကြိုးစားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများနှင့်စပ်လျဉ်း၍ ရင်းနှီးမတည်ပေးနေမှုများအပေါ် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့်အညီ၊ လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးရဲမင်းကျော်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများကို စနစ်တကျလည်ပတ်နိုင်ရေး စီမံကိန်းလက်စွဲစာအုပ် ရေးဆွဲ ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ စီမံကိန်းစက်ဝန်းအလိုက် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့် သမဝါယမလုပ်ငန်းများတွင် စီမံကိန်းယူနစ်အလိုက် ချေးငွေများချထားပေးခဲ့မှု၊ အတိုး/အရင်း ပြန်လည်ကောက်ခံရရှိမှု အခြေအနေများနှင့် ထပ်တိုးတင်ပြတောင်းခံလာသည့် စီမံကိန်းလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ချေးငွေထပ်တိုးတင်ပြတောင်းခံလာသည့် လုပ်ငန်းစီမံကိန်းများနှင့် ချေးငွေအသစ်ချထားပေးနိုင်ရေးတင်ပြလာသည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းများနှင့် ဆီစက်/ဆန်စက်များ အဆင့်မြှင့်တင်နိုင်ရေး စသည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာကဏ္ဍအလိုက် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုအပေါ် တွေ့ရှိချက်များနှင့် ကော်မတီမှချေးငွေချထားပေးနိုင်ရေးအတွက် အကြံပြုဆွေးနွေးတင်ပြခြင်းနှင့်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/ မြို့နယ်များအလိုက် ရန်ပုံငွေများကောက်ခံရရှိမှု၊ ကြီးကြပ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို အသီးသီးတင်ပြကြသည်။
ထို့နောက် တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းနိုင်ရေးနှင့် ကဏ္ဍအလိုက် တင်ပြလာသည့် စီမံကိန်းလုပ်ငန်းများအပေါ် တောင်သူများအတွက် ချေးငွေများမတည်ပေးနိုင်ရေး ဆွေးနွေးဆုံးဖြတ်ပေးခဲ့ပြီး ရန်ပုံငွေများကို လုပ်ထုံးလုပ်နည်းနှင့်အညီ စီမံခန့်ခွဲနိုင်ရေးလိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။