ကချင်ပြည်နယ်ဝန်ကြီးချုပ် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများကို ပြည်နယ်အဆင့်ဌာနဆိုင်ရာများအား ချပြရှင်းလင်း

မြစ်ကြီးနား မေ ၁၁

          နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းများအပေါ် လိုက်နာအကောင်အတည်ဖော်ဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့က ပြည်နယ်အတွင်းရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများအား ထပ်ဆင့်ချပြရှင်းလင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်သမ္မတ၏ ပြောကြားချက်များ၊ လမ်းညွှန်မှာကြားချက်များနှင့် မိန့်ခွန်းများကို ချပြရှင်းလင်းပြီး နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်များအတိုင်း မိမိတို့အနေဖြင့် နိုင်ငံတော်နှင့် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ယခုထက်ပိုမို အလေးထားကြိုးစားကြရန် လိုအပ်ပါကြောင်း၊ ထို့အတူ ခေတ်အဆက်ဆက်ကြုံတွေ့ခဲ့ရသည်များကို သင်ခန်းစာယူ၍ ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် ကဏ္ဍအလိုက်တိုးတက်မြင့်မားလာစေရေးနှင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် ရေရှည်အကျိုးစီးပွားကိုကြည့်၍ စနစ်တကျဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ဦးစီးဌာန၊ အဖွဲ့အစည်းများမှ ရက်ပေါင်း ၁၀၀ ကာလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများဆောင်ရွက်နေမှုအခြေအနေများ၊ ရေရှည်ဖွံ့ဖြိုးတိုးတက်သော လုပ်ငန်းအစီအမံများနှင့် လုပ်ငန်းလိုအပ်ချက်များ၊ ပြည်နယ်အစိုးရအဖွဲ့က ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များကို အသီးသီးရှင်းလင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်ရေးအတွက် လိုအပ်သည်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ် ညှိနှိုင်း၍ ဖြည့်ဆည်း‌ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးအတွက် နိုင်ငံတော်၏ လုပ်ငန်းစဉ်များတွင် အားလုံးက ဝိုင်းဝန်းပူးပေါင်းကြိုးစားကြရေးနှင့် အားလုံးက အားသွန်ခွန်စိုက်ကြိုးပမ်းဆောင်ရွက်ကြ‌ရေး နိဂုံးချုပ်ပြောကြားခဲ့ကြောင်း သိရသည်။