ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော မြစ်ကြီးနား ခရိုင်အတွင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံအားပေး

 ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စွမ်းရည်မြှင့်သင်တန်းတက်ရောက်နေသော မြစ်ကြီးနား ခရိုင်အတွင်းမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအား သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား မတ် ၁၉

ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သော မြစ်ကြီးနားခရိုင်အတွင်းရှိ အခြေခံပညာ အထက်တန်းနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့် သင်တန်းကို မြစ်ကြီးနားမြို့၊ အမှတ် (၉)အခြေခံပညာအထက်တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ပြုလုပ် လျက်ရှိရာ မတ် ၁၉ ရက် မွန်းလွဲ ၁ နာရီခွဲတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီ အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအားပေးကြသည်။

ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ဆရာ၊ ဆရာမများသည် စေတနာ၊ ဝါသနာ၊ အနစ်နာစသည့် နာ(၃)နာဖြင့် တပည့်များကို သားသမီးအရင်းသဖွယ် အနာဂတ်ခေါင်းဆောင် ကောင်းများဖြစ်အောင် လေ့ကျင့်ပျိုးထောင်သင်ကြားပေးရပါကြောင်း၊ မိမိတို့ ကချင်ပြည်နယ်၏ ပညာ ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာစေရေးကို လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသည့် အတွက် ဆရာ၊ ဆရာမများအား ပြည်နယ်သူ/သားများကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း၊ ရှေ့ဆက်ပြီး မိမိတို့ ကချင်ပြည်နယ်၏ပညာရေးကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာရေးအတွက် မိမိတို့ ကောင်စီနှင့်အတူ လက်တွဲကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း တိုက်တွန်းအားပေးမှာကြားသည်။

ထို့နောက် ပြည်နယ်ကောင်စီဥက္ကဋ္ဌက ပြည်နယ်ပညာရေးမှူး ဦးကျော်မိုးထွန်းထံ သင်တန်းတက် ရောက်လျက်ရှိသည့် ဆရာ၊ ဆရာမများအတွက် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို ကချင်ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်ခြင်းဖြစ်ပြီး မြစ်ကြီးနား ခရိုင်အတွင်း မြစ်ကြီးနား၊ တနိုင်း၊ အင်ဂျန်းယန်၊ ချီဖွေနှင့် ဆော့လော် (၅) မြို့နယ်မှ အခြေခံပညာ အထက်တန်းကျောင်းများနှင့် အလယ်တန်းကျောင်းများမှ ကျောင်းအုပ်ဆရာ၊ ဆရာမပေါင်း (၄၅)ဦးတို့ အား မတ် (၁၇)ရက်မှ (၁၉)ရက်အထိ (၃)ရက်ကြာ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် ကျန် မိုးညှင်း၊ ဗန်းမော်နှင့် ပူတာအိုခရိုင်တို့တွင်လည်း အလားတူ ကျောင်းအုပ်ဆရာ၊ ဆရာမများအတွက် စွမ်းရည်မြှင့်သင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိကြောင်း ပြည်နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။