မြစ်ကြီးနားတက္ကသိုလ်၏ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် တက္ကသိုလ်သမိုင်းကြောင်း (Documentary Video) ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ၊ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်းရုံး(ဗဟို) ရုံးခွဲ(ကချင်)မှ တာဝန်ရှိသူများနှင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     သြဂုတ် ၂၁
          စာဖတ်ရှိန်မြှင့်တင်ရန်၊ ဗဟုသုတနှင့်ပညာရပ်ဆိုင်ရာ အသိအမြင်၊ တွေးခေါ်မြော်မြင်မှုနှင့်ပိုင်းခြားစိတ်ဖြာနိုင်စွမ်း တိုးတက်စေရန်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်နှင့်ဒေသအကျိုးပြုမှုကို ချိတ်ဆက်ဖော်ထုတ်ရန်စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခဲ့သော  မြစ်ကြီးနားတက္ကသိုလ်၏ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် တက္ကသိုလ်သမိုင်းကြောင်း (Documentary Video)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားတက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
          အဆိုပါစာဖတ်စွမ်းရည်ပြိုင်ပွဲကို မြစ်ကြီးနားတက္ကသိုလ်ရှိ ဌာနပေါင်း ၁၅ ဌာနမှ ကျောင်းသား/ကျောင်းသူများပါဝင်ကြကာ ဇူလိုင် ၂၀ ရက်နေ့မှ စတင်ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး ယနေ့ နောက်ဆုံး အဆင့်ပြိုင်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က လူငယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးနှင့်သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ထိန်းသိမ်းရေးလုပ်ငန်းများကို ဘက်ပေါင်းစုံမှ အရှိန်အဟုန်ဖြင့် ဆောင်ရွက်ရာတွင် မြစ်ကြီးနားတက္ကသိုလ်မှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ၏ သုတေသနပြုမှု၊ စွမ်းဆောင်ရည်နှင့်ပူးပေါင်းပါဝင်မှုတို့သည် ပိုမိုအောင်မြင်ရန်အတွက် အဓိကကျပြီး ထိုမှတစ်ဆင့် ဒေသလူမှု စီးပွားနှင့်သဘာဝပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးနိုင်မည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။
          ထို့နောက် မြစ်ကြီးနားတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာစိုးမိုးလွင်က ပြိုင်ပွဲများ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး စာဖတ်စွမ်းရည်ပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် အင်္ဂလိပ်စာဌာနနှင့် သင်္ချာဌာနတို့မှ ကျောင်းသား/ ကျောင်းသူများက ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြစ်ကြီးနားတက္ကသိုလ်၏ အခန်းကဏ္ဍ ခေါင်းစဉ်ဖြင့် ယှဉ်ပြိုင်မှုကို အကဲဖြတ် အမှတ်ပေးဒိုင်များနှင့် အတူ ကြည့်ရှုအားပေးခဲ့ကြကာ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရ ဌာနများမှ ကျောင်းသား/ ကျောင်းသူများအား လည်းကောင်း၊ မြစ်ကြီးနားတက္ကသိုလ်သမိုင်းကြောင်း မှတ်တမ်း ဗီဒီယို ပထမ၊ ဒုတိယနှင့် တတိယဆုရ ဌာနများကိုလည်းကောင်း ဂုဏ်ပြုချီးမြှင့်ငွေနှင့် ဆုဖလားတို့ ကိုအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
          ထို့မှတစ်ဆင့် မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ သခင်နက်ဖေလမ်းပေါ်တွင် ကချင်ပြည်နယ် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီက ဒေသတွင်း ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခွင့်ပြုချထားပေးခဲ့သော 101 Hotel သစ် ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ဟိုတယ်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ဟိုတယ်အတွင်း ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများနှင့်အခန်းများ ပြင်ဆင်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ ညနေပိုင်းကလည်း မြစ်ကြီးနားမြို့ အေးမြသာယာဈေးအတွင်းဖွင့်လှစ်ထားသည် မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)ရုံးခွဲ (ကချင်)၌ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် အသင်းဝင်များ တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ကချင်ပြည်နယ်အနေဖြင့် တရုတ်နိုင်ငံနှင့် အိမ်နီးချင်းထိစပ်မှုရှည်လျားပြီး နှစ်နိုင်ငံကုန်စည်စီးဆင်းမှုဆောင်ရွက်ခဲ့သည်မှာလည်း ယနေ့ အထိပင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လာမည့်ကာလတစ်လျှောက်လုံးတွင်လည်း ယခုကဲ့သို့ ဆွေမျိုးပေါက်ဖော် မဟာဗျူဟာမိတ်ဖက်အဖြစ် အေးအတူပူအမျှ ချစ်ကြည်ရင်းနှီးမှုကို တည်ဆောက်နိုင်ရေး၊ ပြည်နယ် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးအတွက် မိမိတို့အားလုံးက ပူးပေါင်း‌ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အသင်းဥက္ကဋ္ဌ ဦးဆောင်ဘောမ်က အသင်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုလည်းကောင်း၊ အသင်းသားများက အသင်းမှဆောင်ရွက်နေသည့် လုပ်ငန်းများအပေါ် လိုအပ်ချက်များကိုလည်းကောင်း အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်က နှစ်နိုင်ငံနယ်စပ်ဒေသများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေးကို ရည်ရွယ်ဆောင်ရွက်ရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများကို လေးစားလိုက်နာ၍ ပူးပေါင်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ အသင်းရန်ပုံငွေအဖြစ် ငွေကျပ်သိန်း ၅၀ ကို ပေးအပ်ခဲ့ကြောင်း သိရသည်။