မြစ်ကြီးနား သြဂုတ် ၂၂
ကချင်ပြည်နယ်အနေဖြင့် အားကစားပြိုင်ပွဲများတွင် ပြည်နယ်ဂုဏ်ဆောင်အားကစားသမားများနှင့် မျိုးဆက်သစ်လူငယ်အားကစားသမားများ လေ့ကျင့်မွေးထုတ်ပေးနိုင်ရေးတို့အတွက် ယနေ့ မွန်းလွဲ ၂ နာရီတွင် ၂၀၂၆ ခုနှစ်၊ ဘိလိယက်/စနူကာနှင့် အေရိုးဗစ်လေ့ကျင့်ခန်းအားကစားနည်းများ အခြေခံနှင့်အဆင့်မြင့်သင်တန်းဖွင့်ပွဲကို ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သင်တန်းများကို ဘိလိယက်နှင့်စနူကာ အားကစားနည်းအတွက် သင်တန်းသား/သင်တန်းသူ ၂၀ ဦး၊ အေရိုးဗစ်အားကစားနည်းအတွက် သင်တန်းသူ ၉၀ ဦးတို့အား ပြည်နယ်မှ နည်းပြများက လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ပြီး သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ အားကစားကဏ္ဍတိုးတက်မြင့်မာရေးနှင့် အဆင့်အတန်းမြင့်မား လာစေရေးအတွက် စဉ်ဆက်မပြတ် ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုလို သင်တန်းများဖွင့်လှစ်၍ လေ့ကျင့်ပြင်ဆင်ထားခြင်းဖြင့် ပြည်နယ်ဂုဏ်ဆောင်၊ နိုင်ငံဂုဏ်ဆောင် အားကစားသမား များ ပေါ်ထွန်းလာမည်ဖြစ်သည့်အတွက် အားလုံးက ဝိုင်းဝန်း ကြိုးပမ်းအားထုတ်ကြရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် အေရိုးဗစ်/ Fitness Dance တို့ဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းနှစ်ခုမှ သင်တန်းသား/ သင်တန်းသူများအတွက် သင်တန်းဝတ်စုံများနှင့် ချီးမြှင့်ငွေများကို ပေးအပ်ခဲ့ကာ သင်တန်းသား/ သင်တန်းသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်အားပေးခဲ့ကြောင်း သိရသည်။




