မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေး‌ရေးစခန်း၌ ကုန်စည်စီးဆင်းမှု လွယ်ကူမြန်ဆန်စွာ ဆောင်ရွက်နိုင်‌ရေး အဝင်/အထွက် သဲကျောက်လမ်းခင်းခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

မြစ်ကြီးနား  စက်တင်ဘာ ၁၂
          ကချင်ပြည်နယ်အတွင်း နယ်စပ်ကုန်စည်စီးဆင်းမှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေးနှင့် တရားမဝင်ကုန်သွယ်မှုများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေးအတွက် ကံပိုင်တည်မှတစ်ဆင့် တင်သွင်းလာသည့် သွင်းကုန်/ ပို့ကုန်များအား ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာအတွင်း မြစ်ကြီးနားမြို့အဝင် ကုန်စစ်ဆေးရေးစခန်းဖွင့်လှစ်၍ ကုန်သွယ်မှုလုပ်ငန်းများကို ၂၀၂၆ ခုနှစ် သြဂုတ် ၂၉ ရက်မှ စတင်ဖွင့်လှစ်၍ ကုန်စည်စီးဆင်းမှုများ လည်ပတ်ဆောင်ရွက်လျက်ရှိသည်။
          ထိုသို့ မြစ်ကြီးနားမြို့အဝင် ကုန်စစ်ရေးစခန်းဖွင့်လှစ် ဆောင်ရွက်ရာတွင် ကုန်သွယ်မှုလုပ်ငန်းများ မြန်ဆန်လွယ်ကူစေရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကုန်စစ်ဆေးရေးစခန်း ဧရိယာစခန်းဧရိယာအတွင်း လုပ်ငန်းများအဆင် ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကံပိုင်တည်ကုန်သည်ကြီးများအသင်း တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းက အဆိုပါစခန်းအတွင်း ကုန်တင်ယာဉ်ကြီးများ ဝင်/ထွက်သွားလာမှု လွယ်ကူစေရေး သံပန်းတံခါးများ ဆောက် လုပ်ပြီးစီးမှုအခြေအနေများနှင့် စခန်းအတွင်းသံဖရိန်ဖြင့် ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များ နားနေဆောင်တည်ဆောက် မည့် အစီအစဉ်များ၊ ရေချိုးခန်း၊ ရေတွင်း၊ ရေစင်နှင့် အိမ်သာများတည်ဆောက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ ကြည့်ရှုစစ်ဆေးပြီး အမြန်ဆုံးတည်ဆောက်နိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အဆိုပါ ကုန်စစ်ရေးစခန်းသို့ ကုန်တင်ယာဉ်ကြီးများ ဝင်/ ထွက်နိုင်သည့် စခန်းပတ်လည်ရှိ လမ်းများအား စက်ယန္တရားကြီးများဖြင့် လမ်းသားတိုးချဲ့ဆောင်ရွက်နေမှု အခြေအနေများနှင့် သဲကျောက်လမ်းခင်းပေးနိုင်ရေး၊ ရေကျော်တံတားများပါ ထည့်သွင်းတည်ဆောက်နိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
          ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို အဓိကဆောင်ရွက်နေသည့် ကံပိုင်တည်-မြစ်ကြီးနား-မန္တလေးလမ်းကြောင်းနှင့် လွယ်ဂျယ်-ဗန်းမော်-မန္တလေး လမ်း ကြောင်းများသည် ၂၀၂၄ ခုနှစ်အတွင်း နယ်မြေလုံခြုံ‌ရေးအရ ယာယီပိတ်ထားခဲ့ရပြီး နယ်စပ်ကုန် သွယ်ရေးလုပ်ငန်းများ ပုံမှန်လည်ပတ်နိုင်ရေးအတွက် ၂၀၂၆ ခုနှစ် မတ်လအတွင်း ရွှေမိုးတောင်ဘုရား မုဒ်ဦးမြေနေရာတွင် ယာယီဖွင့်လှစ်ထားခဲ့ရပြီး ယခုအခါ မိုင်းနားကျေးရွာမှ ဦးတင်မြင့်ပိုင် မြေ ၅ ဧက ကျော်အတွင်း ကုန်စစ်ရေးစခန်းဖွင့်လှစ်၍ လုပ်ငန်းများပုံမှန်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ယနေ့ နံနက်ပိုင်းကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ပလနကျေးရွာ အုပ်စု ပလန-၄ ကျေးရွာနှင့် ငွေပျော်စံပြကျေးရွာအကြား မြေဧရိယာများတွင် မွေးမြူရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် စည်ပင်သာယာအဖွဲ့ပိုင် အမှိုက်ကန် တူးဖော်ထားသည့် နေရာတွင် ငါးမွေးမြူရေးလုပ်ငန်း ဆောင်ရွက်နိုင်ရေး၊ အဆိုပါ ဧရိယာအတွင်း အသားတိုးကြက်၊ အသားတိုးဝက် နှင့် ငါးမွေးမြူကန်များဖြင့် မွေးမြူရေးဧရိယာတစ်ခုအဖြစ် အကောင်အထည်ဖော်နိုင်ရေး ညှိနှိုင်းပေါင်း စပ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။