မချမ်းဘော့ အောက်တိုဘာ ၁၀
ကချင်ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးရဲရင့်ဆွေသည် ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်း လယ်သီးထပ် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အောက်တိုဘာ ၅ ရက် မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးက ဌာနဆိုင်ရာများအနေဖြင့် မိမိတို့ တာဝန်ကျရာ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စားရေရိက္ခာဖူလုံရေးအတွက် လယ်သီးထပ် ဆီထွက် သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအပြင် မွေးမြူရေးကဏ္ဍ တိုးတက်မြင့်မားရေးကိုလည်း အလေးထားဆောင်ရွက်ကြရန်၊ ဒေသခံတောင်သူများအား သီးထပ်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေး လိုအပ်သည့်သွင်းအားစုများ၊ စိုက်ပျိုးနည်းစနစ်များကို မြေပြင်ထိကွင်းဆင်း၍ ကူညီဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အတွင်း ဒေသ ဝမ်းစာဖူလုံရေးအတွက် မိုးစပါးစိုက်ဧက (၄၀၀၀)ကျော် စိုက်ပျိုးလျက်ရှိသည့် အခြေအနေများ၊ ဆောင်းသီးထပ် သီးနှံများစိုက်ပျိုးနိုင်ရေးအတွက် လျာထားမှုအခြေအနေများ၊ ယခုနှစ် ဆောင်း သီးထပ်အတွက် ယခင်နှစ် စိုက်ပျိုးခဲ့သည့် ဧက ၁၇၀၀ ကျော်အပြင် ယခုနှစ်တွင် ဧက ၈၀၀ ကျော် တိုးချဲ့စိုက်ပျိုးမည့် အစီအစဉ်အတွက် ပြည်နယ်အစိုးရအဖွဲ့က အခမဲ့ဖြန့်ဖြူးပေးထားသည့် ဆီမုန်ညှင်း မျိုးစေ့များအား တောင်သူများထံ ဖြန့်ဝေပြီးစီးမှု အခြေအနေများ၊ မွေးမြူရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများအတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ပေးထားသည့် လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေ အနေများနှင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးရေးအတွက် လိုအပ်ချက်များကို တင်ပြတောင်းဆိုထားရှိမှု အခြေအနေများကို သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ဆောင် ရွက်ပေးခဲ့ပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။

