မြစ်ကြီးနားမြို့၌ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ရုံးခွဲ(ကချင်) ဖွင့်လှစ်

မြစ်ကြီးနား     ဇူလိုင် ၁၀
          ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို) ရုံးခွဲ (ကချင်) ဖွင့်ပွဲ အခမ်းအနားကို ရုံးခွဲအသစ်တည်ရှိရာ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာအဆင့်မြင့်ဈေး၌ ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့တက်ရောက်ကြသည်။
          ရှေးဦးစွာ သိက္ခာတော်ရ ဆရာ Rev ဒါနီအယ်(လ်)က မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း (ဗဟို)ရုံးခွဲ (ကချင်)ရုံး ဖွင့်ပွဲအတွက် ဆုတောင်းဆက်ကပ်ပေးခဲ့ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က မြန်မာ-တရုတ်နှစ်နိုင်ငံအကြား မိတ်ဆွေကောင်း၊ အိမ်နီးချင်း ကောင်းပီပီ စိတ်ကောင်းစေတနာအပြည့်ဖြင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်ဖြင့် တိုးချဲ့သွားနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ ဆွေမျိုးပေါက်ဖော် ညီအစ်ကို ရင်းချာစိတ်ဓာတ်ကို အခြေခံပြီး နှစ်နိုင်ငံဆက်ဆံရေးကို ကဏ္ဍစုံတွင် နီးကပ် စွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောာင်ရွက်မှု မိတ်ဖက် ဆက်ဆံရေး အဆင့်အထိ တိုးမြှင့်နိုင်ခဲ့ခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် ရုံးခွဲတာဝန်ခံက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး ရုံးခွဲအား ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်ကြသည့် လူမှုရေးရာဝန်ကြီး ဦးကျော်မင်းခိုင်၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်း၊ ရုံံးခွဲတာဝန်ခံတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ရုံးခွဲဆိုင်းဘုတ်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ကာ ရုံးခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပေးခဲ့ကြကြောင်း သိရသည်။