မြစ်ကြီးနားမြို့၌ အခြေခံတိုင်းရင်းဆေးပညာ သင်တန်းဖွင့်လှစ်ပေး

မြစ်ကြီးနား ဇွန်  ၁၁

          ကချင်ပြည်နယ် မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ပြည်သူ့ကျန်းမာရေးစောင့်‌ရှောက်မှု လုပ်ငန်းများတွင် တိုင်းရင်းဆေးပညာဖြင့် စောင့်ရှောက်မှုပေးနိုင်ရေး၊ ပြည်သူလူထုအတွင်း တိုင်းရင်းဆေးပညာအခြေခံများ စိမ့်ဝင်ပျံ့နှံစေရေးရည်ရွယ်၍ မြစ်ကြီးနားမြို့၌ (၃)ရက်ကြာ ဖွင့်လှစ်သွားမည့် အခြေခံတိုင်းရင်းဆေးပညာသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပခဲ့သည်။

          အဆိုပါ  သင်တန်းဖွင့်ပွဲတွင် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်နန်ဆိုင်းက ကချင်ပြည်နယ်အတွင်းမှာ ဒေသထွက်ဆေးပင်များမှ အရွက်၊ အခေါက်၊ အမြစ်၊ အသီး၊ အပွင့်များဖြင့် တိုင်းရင်းသားတို့၏ မိရိုးဖလာဆေးနည်းများဖြင့် ဖော်စပ်သုံးစွဲနေကြသည်မှာ ယနေ့တိုင်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ယနေ့ သင်တန်းတက်ရောက်သည့် သင်တန်းသား/သင်တန်းသူများအနေဖြင့် သင်တန်းတွင် သင်ကြားပို့ချသည့် တိုင်းရင်းဆေးပညာရပ်များကို စိတ်ပါဝင်စားစွာလေ့လာမှတ်သားသင်ယူပြီး လူတိုင်းသက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေး၊ ရောဂါဘယကင်းရှင်းရေးအတွက် မိမိတို့တတ်ထားသည့် တိုင်းရင်းဆေးပညာဖြင့် ကူညီဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြော ကြားပြီး ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးစိုးနိုင်က တိုင်းရင်းဆေးပညာဦးစီးဌာန၏ ရည်မှန်းချက်များ၊ မျော်မှန်းချက်များနှင့် အခြေခံတိုင်းရင်းဆေးပညာသင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ သင်တန်းကို ဇွန် ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ ၃ ရက်ကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှ ဆရာ/ဆရာမ (၆)ဦးတို့က ပြည်နယ်/ခရိုင်/မြို့နယ်/ ရပ်ကွက်/ ကျေးရွာ မိခင်နှင့်ကလေးစောင့်‌ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များမှ သင်တန်းသူ ၃၆ ဦးတို့အား မြန်မာ့တိုင်းရင်းဆေးပညာသမိုင်း၊ အခြေခံသဘောတရားများ၊ နွေ၊မိုး၊ ဆောင်း ဥတုများတွင်ဖြစ်တက်သော ရောဂါငယ်များနှင့် မြန်မာ့တိုင်းရင်းဆေးပညာ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင်ပစ္စည်းများ အသုံးပြုပုံ၊ ပတ်ဝန်းကျင်ရှိ ဆေးဖတ်ဝင်အပင်များ အသုံးပြုပုံများအား စာတွေ့/လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။