တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ ကျင်းပ၊ မေးခွန်း (၇)ခု မေးမြန်းခြင်းနှင့် အဆိုတစ်ခု ထပ်မံတင်သွင်း

မြစ်ကြီးနား ဇွန် ၁၁

          တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ဇွန် ၁၁ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံနှင့် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံက ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့အစီအစဉ်များကို ကြေညာပြီး အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက ခွင့်ပန်ကြားခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူကာ အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကြောင်းကြေညာသည်။

          ထို့နောက် ဗန်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးဖိုးပါကြွယ်၊ မိုးကောင်းမြို့နယ် မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဦးနေလင်းစိုး၊ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဒေါ်မိုးသီတာသိန်း၊ ဝိုင်းမော်မြို့နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၂) ဦးချန်းဂျောင်ဆားရ်၊ တနိုင်းမြို့ နယ်မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ်(၁) ဦးကောင်ဆိုင်းလတို့က လူမှုရေးရာဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၃)ခု၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုင်ရာ မေးခွန်းတစ်ခုစီနှင့် စည်ပင်သာယာရေးဝန်ကြီးဌာနဆိုင်ရာ မေးခွန်း (၂)ခုကို မေးမြန်းကြရာ သက်ဆိုင်ရာပြည်နယ်အဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

          ထို့နောက် အစည်းအဝေးပထမနေ့တွင် တင်သွင်းခဲ့သော ကချင်ပြည်နယ်အတွင်း မိုဘိုင်းဖုန်းဆက်သွယ်ရေးနှင့် အင်တာနက် ဆက်သွယ်ရေးလိုင်းများ ကောင်းမွန်စွာရရှိ ဆောင်ရွက်ပေးနိုင်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်သုံးဦးတို့က ထောက်ခံဆွေးနွေးခဲ့ကြပြီး ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကိုယ်စား ပြည်နယ်စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးချန်တန်ခင်က ပြန်လည်ရှင်းလင်းဖြေကြားရာ လွှတ်တော်၏အဆုံးအဖြတ်ရယူ၍ လွှတ်တော်က ယင်းအဆိုအား အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့သည်။ 

          ဆက်လက်၍ အစည်းအဝေးပထမနေ့တွင် တင်သွင်းခဲ့သော ဥပဒေလေ့လာစိစစ်ရေးနှင့် အကြံပေးကော်မတီဖွဲ့စည်းပေးရေးနှင့်စပ်လျဉ်း၍ လွှတ်တော်ကအတည်ပြုကြောင်းဆုံးဖြတ်ခဲ့ပြီး မိုးကောင်းမြို့နယ် မဲဆန္ဒနယ်၊ ကိုယ်စားလှယ်အမှတ် (၁) ဦးနေလင်းစိုးက တစ်နိုင်ငံလုံးတွင် ဖြစ်ပွားနေသော လက်နက်ကိုင် ပဋိပက္ခများ ရပ်စဲစေလိုခြင်းနှင့် ကချင်ပြည်နယ်တွင်လည်း အပစ်အခတ်ရပ်စဲပြီး ထာဝရငြိမ်းချမ်းရေးဆောင်ရွက်နိုင်ရေး ကချင်ပြည်နယ်အစိုးရအဖွဲ့သို့ တိုက်တွန်းကြောင်း အဆို ကို လွှတ်တော်သို့တင်သွင်းရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်တွင် လက်ခံဆွေးနွေးရန်သင့်/ မသင့် လွှတ်တော်၏အဆုံးအဖြတ်ကိုရယူပြီး ဆွေးနွေးသင့်ကြောင်းဆုံးဖြတ်ကာ တတိယအကြိမ် ကချင်ပြည်နယ်လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ရပ်နားလိုက်ကြောင်းသိရသည်။