မြစ်ကြီးနား ဇွန် ၂၆
(၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက် ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက် (၈)နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး အထိမ်းအမှတ်နေ့ ပြိုင်ပွဲအသီးသီးမှ ဆုရကျောင်းသား/ ကျောင်း သူများ၊ တစ်နှစ်တာအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးနိုင်သည့် ရဲတပ်ဖွဲ့ဝင်များနှင့် ဖမ်းဆီးရာတွင် တက်ကြွ စွာပူးပေါင်းပါဝင်ခဲ့ကြသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များအား ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့် ခဲ့ကြသည်။
ရှေးဦးစွာ ကချင်ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ကချင်ပြည်နယ် ၂၀၂၅ ခုနှစ်အတွင်း မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အမှုပေါင်း (၂၆၀)မှု၊ စုစုပေါင်း တန်ဖိုးငွေကျပ်သန်းပေါင်း (၆၈၂ ဒဿမ ၂၅)သန်းခန့်၊ ပြစ်မှုကျူးလွန်သူ တရားခံကျား/မပေါင်း (၃၂၇)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပြီး ယခုနှစ် မေလအထိ မူးယစ်ဆေးဝါးအမှုပေါင်း (၉၇)ခု စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၄၄၅ ဒဿမ ၃၅ သန်းခန့်၊ တရားခံကျား/မပေါင်း (၁၂၄)ဦး ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် မူးယစ်ဆေးဝါးထုတ်လုပ်မှုတွင် ထည့်သွင်းအသုံးပြုသည့် ဓာတုပစ္စည်းများ ဖမ်းဆီးရမိမှု အမှု ပေါင်း (၄၇)မှု၊ စုစုပေါင်းတန်ဖိုးငွေကျပ်သန်းပေါင်း (၅၄၉ ဒဿမ ၂)သန်းခန့်နှင့် တရားခံကျား/မပေါင်း (၁၀၃)ဦးကိုလည်း ဖမ်းဆီးအရေးယူနိုင်ခဲ့ပါကြောင်းနှင့် ယခုလို ပြည်သူလူထုကို ခြိမ်းခြောက်နေသည့် မူးယစ်ဆေးဝါးအန္တရာယ်ကို ဘက်ပေါင်းစုံက ဝိုင်းဝန်းကြိုးပမ်းကာကွယ်တားဆီးကြရန် အလေးအနက် ထားတိုက်တွန်းလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ၂၀၂၆ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင် ကျရောသည့် (၃၉)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာ ကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌထံမှ ပေးပို့လာသည့် သဝဏ်လွှာအား ပြည်နယ်အဖွဲ့ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လွင်က ဖတ်ကြားပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်း ဗီဒီယိုကလစ်အား ဖွင့်လှစ်ပြသခဲ့ကြသည်။
ဆက်လက်၍ ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ရာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေးအေးမော်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းအေး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ မြစ်ကြီးနားတပ်နယ်မှူး ဗိုလ်မှူးချုပ်တင်ထွန်း၊ နန်ပေါင်လေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ်မောင်မောင်ဦး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ကချင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေတို့က အထိမ်းအမှတ်နေ့ ကဗျာပြိုင်ပွဲနှင့် အခြေခံပညာ ကာတွန်း၊ ပန်းချီ၊ ပိုစတာ၊ ကွန်ပျူတာပန်းချီတို့တွင် ပြည်နယ်အဆင့် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသည့် ထက်၊ လယ်၊ မူအဆင့် ကျောင်းသား/ ကျောင်းသူ များ၊ တစ်နှစ်တာအတွင်း စွမ်းစွမ်းတမံ ထူးချွန်စွာ မူးယစ်ဆေးဝါးဖမ်းဆီးခဲ့သည့် ရဲတပ်ဖွဲ့ဝင်များနှင့် မူးယစ်ဆေးဝါးဖမ်းဆီးရာတွင် တက်ကြွစွာပူးပေါင်းပါဝင်ခဲ့ကြသော ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ဆုရကျောင်းသား/ ကျောင်းသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြပြီး ခန်းမအတွင်းဖွင့်လှစ်ပြသထားသော အသိပညာပေး ပြခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၏ ပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ ပြသထား ရှိမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။


