မြစ်ကြီးနား သြဂုတ် ၁၁
ကချင်ပြည်နယ် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)တို့ပူးပေါင်း၍ ဒေသတွင်း MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား)ရှိ သင်တန်းခန်းမ၌ သြဂုတ် ၁၁ ရက် နံနက် ၁၀ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ နည်းပညာအထက်တန်းကျောင်း(မြစ်ကြီးနား)မှ ကျောင်းအုပ်ဆရာကြီး ဦးမျိုးမင်းဦးက မိတ်ဆက်အမှာစကားပြောကြားပြီး ကချင်ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးဟန်စောလင်းက ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ်ပေးခဲ့မှုအခြေအနေများနှင့် ဆက်လက်ဖွင့်လှစ်ပေးသွားမည့် သင်တန်းများအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်လှိုင်၊ လူမှုဖူလုံရေးအဖွဲ့ ပြည်နယ်ဦးစီးမှူး ဒေါ်ဘေဘီစိုး၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဒေါ်အေးအေးမြင့်နှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မိမိနှောင်းတို့က အလုပ်သမားရေးရာ တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အကျိုးခံစားခွင့်များ စသည်တို့ကို အသီးသီးအသိပညာပေးဟောပြောခဲ့ကြသည်။
အဆိုပါ အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအား အစိုးရနည်းပညာအထက်တန်းကျောင်း (မြစ်ကြီးနား)မှ ဆရာ/ဆရာမများက သင်တန်းသား/ သင်တန်းသူ (၂၀) ဦးတို့ဖြင့် သြဂုတ်လ ၁၁ ရက်နေ့မှ စက်တင်ဘာလ ၅ ရက်နေ့အထိ နည်းပညာရပ်များအား စာတွေ့/လက်တွေ့ (အခမဲ့)သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
