မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားနှင့်အတူ သံဃာတော်(၃၆)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

 မြစ်ကြီးနားမြို့ လောကမာရ်အောင်ဆုတောင်းပြည့်စေတီတော်၌ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားနှင့်အတူ သံဃာတော်(၃၆)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

မြစ်ကြီးနား     မေ ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အသံမစဲ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်း အောင်ပွဲ အခမ်းအနားနှင့်သံဃာတော်(၃၆)ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မေလ ၁၇ရက်နေ့ မွန်းလွဲပိုင်းက မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ လောကမာရ်အောင် ဆုတောင်းပြည့် စေတီတော်၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦး၊  ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးတူးဂျာ၊  ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက  ကြွရောက်လာကြသော ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆပ်ကပ်သည်။

ယင်းနောက် မွန်းလွဲ ၁နာရီတွင်  အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဌာန်းသိမ်းအောင်ပွဲ အခမ်းအနားအား ဆက်လက်ကျင်းပရာ အခမ်းအနားကို  “နမောတဿ” သုံးကြိမ်ရွတ်ဆိုကာ ဘုရား ကန်တော့၍ ဖွင့်လှစ်ပြီး တက်ရောက်လာသည့် ဧည့်ပရိတ်သတ်များက အောင်နန်းမဟာစည် သာသနာ့ရိပ်သာကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာကမ္မဌာနာစရိယ ဘဒ္ဒန္တ အာဒိစ္စဝံသထံမှ ငါးပါးသီလ ခံယူဆောက်တည်ကာ ဆရာတော်များထံမှ မေတ္တာသုတ်တရားတော် များအား နာယူ ကြည်ညိုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ‌‌ဒေါ်နန်ဆိုင်း ၊မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးနှင့်ဇနီး ၊ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်မျိုးဦးနှင့်ဇနီး၊ ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တပ်မတော် အရာရှိ ကြီးများက  ဆရာတော်၊ သံဃာတော် အရှင်သူမြတ်များအား   လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပြီး အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှ ပေး‌ဝေခဲ့ကြသည်။

ယင်းနောက် ဝန်းသိုကျောင်းတိုက် စာချနာယက သာသနဓဇ ဓမ္မာစရိယ ဘဒ္ဒန္တ အာစရ က နတ်ဗြမဟ္မာများအား သက်ဆိုင်ရာဌာနသို့ ပြန်ပို့ပြီးနောက် ပဌာန်းသိမ်း အောင်ပွဲအခမ်းအနားအား ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ် ရွတ်ဆိုကာ ရုတ်သိမ်းလိုက်သည်။

ဆက်လက်၍ အသံမစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်မှုအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် ဘုရားအမှူးပြုသော သံဃာတော် (၃၆)ပါးအား   ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်  ပြည်နယ်ဝန်ကြီးများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ဌာန ဆိုင်ရာများနှင့် စေတနာရှင် အလှူရှင် ပြည်သူများက  ဆွမ်းဆန်စိမ်းနှင့် လှူဖွယ် ပစ္စည်းများကို လောင်းလှူခဲ့ကြောင်း သိရသည်။