သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ ၄၂၆၂ ဦးတို့အတွက် နိုင်ငံတော်မှ ယူရီးယားဓာတ်မြေသြဇာများ အခမဲ့ထောက်ပံ့ပေးအပ်

 သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ ၄၂၆၂ ဦးတို့အတွက် နိုင်ငံတော်မှ ယူရီးယားဓာတ်မြေသြဇာများ အခမဲ့ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၂၃

          ကချင်ပြည်နယ်အတွင်း သဘာဝဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူများ အတွက် နိုင်ငံတော်၏ တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင် ရေးဥပဒေအရ သဘာဝဘေးအရေးပေါ်ရန်ပုံငွေဖြင့် ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေ သြဇာများ ကို အခမဲ့ထောက်ပံ့ပေးအပ်ခြင်းကို အောက်တိုဘာ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဓာတ်မြေသြဇာများ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည် နယ်အတွင်း ၂၀၂၁ ခုနှစ်၊ သြဂုတ်လအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် စပါးစိုက်ဧကများ ရေကြီးနစ်မြှုပ်ထိခိုက်ပျက်စီးခဲ့မှုများဖြစ်ပေါ်ခဲ့ပါကြောင်း၊ တောင်သူများအနေဖြင့် ဓာတ်မြေသြဇာ ဈေးနှုန်းမြင့်တက်လာမှုကြောင့် မိမိတို့၏လယ်ယာလုပ်ငန်းခွင်များတွင် သီးနှံအထွက်နှုန်းတိုးတက် ရေးအတွက် ဓာတ်မြေသြဇာသုံးစွဲရာတွင် အဟန့်အတားများ၊ ငွေကြေးအရင်းအနှီး အခက်အခဲများ ဖြစ်ပေါ်လာခဲ့သဖြင့် နိုင်ငံတော်အကြီးအကဲမှ ယခုလို ရေကြီးနစ်မြှုပ်ထိခိုက်ပျက်စီးသွားသည့် လယ်များအတွက် သဘာဝဘေးရန်ပုံငွေဖြင့် ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ဓာတ်မြေသြဇာ များကို အခမဲ့ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ထောက်ပံ့ပေးအပ်သည့် ဓာတ်မြေသြဇာများကို စနစ် တကျ အကျိုးကျိုးရှိရှိ သုံးစွဲကြရန် လိုကြောင်း၊ စိုက်ပျိုးရေးအတွက် ပြင်ပဓာတ်မြေသြဇာများ ဈေးနှုန်းအဆမတန် မြင့်မားနေသည့်အတွက် သဘာဝမြေသြဇာများကိုလည်း ပြုလုပ်သုံးစွဲကြစေ လိုကြောင်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပြည်နယ်အတွင်း သဘာဝ ဘေးကြောင့် သီးနှံပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ  ၄၂၆၂  ဦးတို့အတွက် ယူရီးယားဓာတ်မြေသြဇာ အိတ်ပေါင်း ၃၈၀၈ အိတ်ကို ထောက်ပံ့ပေးအပ်ကြရာ တောင်သူများက လက်ခံရယူခဲ့ကြပြီး တောင်သူ များကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

          ကချင်ပြည်နယ်အတွင်း ၂၀၂၁ ခုနှစ် သြဂုတ်လတွင် မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် တောင်သူစုစုပေါင်း  ၄၂၆၂ ဦးတို့၏ စပါးစိုက်ဧက ၁၃၂၈၉ ဧက ရေကြီးနစ်မြှုပ်ခဲ့ပြီး ထိခိုက်သည့် ဧကပေါင်း ၆၉၆၃ ဧကနှင့် ပျက်စီးဧက ၃၉၂၆ ဧကအနက် ပြန်လည်စိုက်ပျိုးခဲ့သည့် စိုက်ဧက ၁၀၁၆ ဧကရှိသဖြင့် ယနေ့ နိုင်ငံတော်မှ ယူရီးယားဓာတ်မြေသြဇာအိတ်ပေါင်း ၃၈၀၈ အိတ် ထောက်ပံ့ပေး အပ်ခြင်းဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။