ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများ၏ အရည်အသွေး မြှင့်သင်တန်း (၂/၂၀၂၃) ဖွင့်ပွဲ၊ တက္ကသိုလ်ဝင်တန်း(Grade-12)အောင်ချက်မြင့်မားရေး အခမ်းအနားနှင့် ရွှေမိုးတောင်စေတီတော် ရွှေစင်ရွှေသား၊ ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်
မြစ်ကြီးနား သြဂုတ် ၂၁
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ မြစ်ကြီးနားပညာရေးဒီဂရီကောလိပ်၌ တိုင်းရင်းသားဘာသာ စကားသင် ဆရာ/ ဆရာမများအတွက် အရည်အသွေးမြှင့်သင်တန်း (၂/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်း အနားကို သြဂုတ် ၂၁ ရက် နံနက် ၈ နာရီခွဲက အဆိုပါ ကောလိပ်ရှိ အားကစားခန်းမ၌ ကျင်းပပြုလုပ် ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ တက်ရောက်အားပေးခဲ့ကြသည်။
ရှေးဦးစွာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို တိုင်းရင်းသားဘာသာသင်ဆရာ/ ဆရာမများက ရှမ်းတိုင်းရင်းသားတေးသီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာ စကားပြောကြားရာတွင် မိခင်ဘာသာစကားနှင့် စာပေတတ်မြောက်ခြင်းသည် အခြားဘာသာစကား ဖြင့် စာပေလေ့လာမှုတွင် များစွာ အထောက်အကူဖြစ်စေသည့်အတွက် တိုင်းရင်းသားဘာသာစကား နှင့် စာပေသင်ကြားခြင်းသည် အင်မတန်မှ တန်ဖိုးကြီးပါကြောင်း၊ ယနေ့ သင်တန်းသား/သင်တန်းသူ များအနေဖြင့် ခံယူချက်၊ ယုံကြည်ချက်အပြည့်ဖြင့် ပညာရပ်များကို စနစ်တကျလေ့လာသင်ယူကြရန် လိုကြောင်း၊ ကလေးငယ်များကို မိမိတို့၏ ဘာသာစကားကို ချစ်ခင်မြတ်နိုးသူများဖြစ်အောင် ပြုစု ပျိုးထောင်ပေးကြရန်နှင့် အခြားသူများ၏ဘာသာစကားကို လေးစားတတ်သူများဖြစ်အောင်လေ့ကျင့် ပေးကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် မြစ်ကြီးနားပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ဒေါ်ဥမ္မာမြင့်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်၊ ရည်မှန်းချက်များနှင့် သင်တန်းတွင် လိုက်နာကြရမည့် စည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းသား/ သင်တန်းသူများက ကဗျာဘွဲ့အကဖြင့် ကပြ ဖျော်ဖြေမှုကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အဆိုပါ သင်တန်းသို့ (၂)ပတ်ကြာ တက်ရောက်သင်ကြားကြမည့် ဆရာ/ ဆရာမ (၁၀၁)ဦးတို့အား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်အားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများနှင့်အတူ မြစ်ကြီးနားမြို့ အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ရွှေသွေးခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကချင်ပြည်နယ်၏ တက္ကသိုလ်ဝင်တန်း (Grade-12) အောင်ချက်မြင့်မားရေးအတွက် ကော်မတီအဖွဲ့ ဝင်များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်သည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကော်မတီဖွဲ့စည်းပြီး လိုအပ်ချက်များကို ဖြည့် ဆည်းဆောင်ရွက်ပေးခဲ့သဖြင့် တစ်နိုင်ငံလုံးတွင် ဒုတိယအဆင့်ကို ရရှိခဲ့ပါကြောင်း၊ ယခုပညာသင်နှစ် သည် စနစ်သစ်ဖြင့် ပထမဆုံးဖြေဆိုရမည့် စာမေးပွဲဖြစ်သဖြင့် အောင်ချက်မြင့်မားရေးအတွက် ယခင် နှစ်ကထက် ပို၍ အားလုံးက ဝိုင်းဝန်းကူညီပံ့ပိုးကြရန် လိုကြောင်း၊ မိမိတို့ အစိုးရအဖွဲ့အနေဖြင့်လည်း သင်ကြားရေးလိုအပ်ချက်များ၊ ကျန်းမာရေး/ လုံခြုံရေးစောင့်ရှောက်မှုများ၊ သင်ကြားပို့ချပေးသွားမည့် ဆရာ/ ဆရာမများ၏ လိုအပ်ချက်များကိုလည်း ကြိုးစား၍ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ရန်ပုံငွေကျပ်သိန်း ၂၀၀ ကို ပြည်နယ်လူမှုရေးရာဝန်ကြီးထံ ပေးအပ်ခဲ့ပြီး ပြည်နယ်၏ အောင်ချက် မြင့်မားရေးအတွက် ရန်ပုံငွေများပံ့ပိုးကူညီလှူဒါန်းခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့သည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခ ချုပ် ဦးဆောင်၍ တက္ကသိုလ်မှ ဆရာ/ ဆရာမများက မြစ်ကြီးနား၊ ဝိုင်းမော်နှင့် မိုးကောင်းမြို့ပေါ် အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းအုပ်များ၊ အထက်တန်းပြဆရာ/ ဆရာမများအား သက်ဆိုင်ရာဘာသာရပ်အလိုက် အမှတ်ပေးစည်းမျဉ်းနှင့်အညီ သင်ကြားနိုင်ရေး၊ မေးခွန်းဖြေဆိုမှုနှင့် သင်ကြားမှုပုံစံကို (၂)ရက်ကြာ ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ ၌ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးရှိ ရွှေမိုးတောင်ပေါ်တွင် တည်ထားကိုးကွယ်ခဲ့သည့်အပြင် နိုင်ငံတော်အကြီးအကဲကိုယ်တိုင် ထီးတော်တင်လှူခဲ့သည့် ရဟန္တာ တစ်ထောင်ရှင်ပင်မြတ်စွာ ရွှေမိုးတောင်စေတီတော်မြတ်ကြီး ရွှေသားရွှေစင်၊ ရွှေသင်္ကန်းတော် ကပ်လှူနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ရွှေမိုးတောင်စေတီတော် မြတ်ကြီးကို ဧရာဝတီမြစ်ကမ်းဘေး၊ ဝိုင်းမော်မြို့နယ်အတွင်း ထူးခြားသပ္ပာယ်စွာ တည်ရှိပါကြောင်း၊ ထို့အပြင် စေတီတော်မြတ်ကြီးကို နိုင်ငံတော်အကြီးအကဲအမှူးပြုသော စစ်ဘက်၊ နယ်ဘက် အဖွဲ့ အစည်းအသီးသီး၊ စေတနာရှင်၊ အလှူရှင်များ စုပေါင်းပါဝင်ကုသိုလ်ယူမှုနှင့် အများကြည်ညိုသပ္ပါယ် ဖွယ်ဖူးမြှော်နိုင်အောင် ရွှေစင်တစ်ပိဿာကျော် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပါကြောင်း၊ ယခုအခါ ၅နှစ် ကျော်ကာလကြာမြင့်ခဲ့ပြီဖြစ်သဖြင့် ရာသီဥတုဒဏ်၊ လေမိုးဒဏ်တို့ကြောင့် ရွှေသင်္ကန်းရောင်များ မှေးမှိန်လျက်ရှိသဖြင့် အသစ်တဖန်ရွှေသင်္ကန်းကပ်လှူရန်လိုအပ်လာပြီဖြစ်သဖြင့် သက်ဆိုင်ရာကဏ္ဍ အလိုက် ကုသိုလ်စိတ်စေတနာအပြည့်ဖြင့် ပူးပေါင်းကုသိုလ်ယူဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင် ရွက်သွားရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးများ၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ စေတီတော်ကြီးဂေါပကအဖွဲ့ဝင်များနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက စေတီတော် ကြီး ရွှေစင်ရွှေသား၊ ရွှေသင်္ကန်းကပ်လှူနိုင်ရေး ကော်မတီများ ဆောင်ရွက်ထားရှိမှု၊ အလှူငွေရရှိမှု အခြေအနေနှင့် ထပ်မံလိုအပ်သည့် ငွေကြေးအတွက် အလှူငွေကောက်ခံရရှိရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ အများပြည်သူ ပါဝင်ကုသိုလ်ယူလှူဒါန်းနိုင်ရေး စီမံဆောင်ရွက်သွားမည့် အစီအစဉ် များကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က ရွှေသားရွှေစင်၊ ရွှေသင်္ကန်းကပ်လှူ နိုင်ရေး ဆပ်ကော်မတီအသီးသီးအနေဖြင့် လုပ်ငန်းကဏ္ဍအလိုက် ညှိနှိုင်းအစည်းအဝေးများဆောင် ရွက်သွားရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွှေမိုးတောင်စေတီမြတ်ကြီးကို မြစ်ကြီးနားမြို့၊ ဓမ္မရက္ခိတဝန်းသိုကျောင်းတိုက် ယခင် ဆရာတော်ကြီး၏ သြဝါဒပြုမှု၊ လမ်းညွှန်မှုနှင့် နိုင်ငံတော်အကြီးအကဲအမှူးပြုသော စစ်ဘက်၊ နယ်ဘက်အဖွဲ့အစည်းအသီးသီး၊ စေတနာအလှူရှင်များ စုပေါင်းပါဝင်ကုသိုလ်ဖြင့် ၂၀၁၈ ခုနှစ်တွင် ရွှေထီးတော်နှင့် ရွှေသားရွှေစင်တစ်ပိဿာကျော်ဖြင့် ရွှေသင်္ကန်းတော်ကို အများကြည်ညိုသပ္ပါယ်ဖွယ် ဖူးမြှော်နိုင်ရေး ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး၊ စေတီတော်ကြီး ရွှေသင်္ကန်းအသစ်တစ်ဖန်ကပ်လှူပါက ရွှေဆိုင်းပညာရှင်များ၏ တွက်ချက်မှုအရ ကာလတန်ဖိုးငွေကျပ် သိန်းငါးထောင်ခန့် ကုန်ကျနိုင်မည် ဖြစ်သော်လည်း စေတီတော်ကြီး၏ လက်ရှိ ရွှေသင်္ကန်းများကို ရွှေမိုက်ချရာမှ ပြန်လည်ရရှိမည့် ငွေကျပ်သိန်း ၁၁၀၀ ကျော်ခန်နှင့် လက်ရှိဘဏ္ဍာတော် အလှူငွေကျပ်သိန်း ၁၄၀၀ ခန့်အားဖြင့် စုစုပေါင်း ကျပ်သိန်း ၂၅၀၀ ခန့်ရှိပြီးဖြစ်သည့်အတွက် ကျန်ငွေ ကျပ်သိန်းနှစ်ထောင်ငါးရာခန့်ကို အများပြည်သူအားလုံး ပူးပေါင်းပါဝင်ကုသိုလ်ယူဆောင်ရွက်နိုင်ရေး စေတီတော်ကြီးဂေါပကအဖွဲ့မှ နှိုးဆော်တိုက်တွန်းထားကြောင်း သိရှိရသည်။