မြစ်ကြီးနား ဇွန် ၁၃
ကချင်ပြည်နယ်အတွင်း စားရေရိက္ခာနှင့်စားသုံးဆီဖူလုံမှုရှိစေရေး စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ လုပ်ငန်းတိုးတက်မှု အခြေအနေများနှင့်စပ်လျဉ်း၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ ဇွန် ၁၃ ရက် နံနက် ၉ နာရီခွဲကလည်း အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြပြီး ခရိုင်အလိုက် မိုးစပါးစိုက်ဧကနှင့် ဆီထွက်သီးနှံသီးထပ်စိုက်ဧကများ တိုးချဲ့ စိုက်ပျိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။
ထိုသို့ ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ စားရေရိက္ခာဖူလုံရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းသည် အခြေခံကျသည့် လုပ်ငန်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ အဆိုပါလုပ်ငန်းများ အောင်မြင်စေရေး အချိန်နှင့်အမျှ ကြိုးစားဆောင်ရွက်ခဲ့သည့်အတွက် အတိုင်းအတာတစ်ခုအထိ တိုးတက်လာသည့်ကို တွေ့ရှိရပါကြောင်း၊ ယခုလို လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို ဆောင်ရွက်ပြီး သုံးသပ်ချက်/ ဆုံးဖြတ်ချက်များ ချမှတ်ဆောင်ရွက်နိုင်မှုအပေါ် အကောင် အထည်ဖော်ခြင်းဖြင့် ပန်းတိုင်ရည်မှန်းချက်ပြည့်မီလာမည်ဖြစ်ပါကြောင်း၊ ထို့အတူ တောင်သူများထံ သွင်းအားစုများကို တတ်အားသရွေ့ပံ့ပိုးပေးနိုင်ရေး၊ စိုက်ဧကများတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းသည် အရေးကြီးသည့် အခန်းကဏ္ဍများပင်ဖြစ်သည့်အတွက် မိမိ တို့အနေဖြင့် အစွမ်းကုန်ကြိုးစားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ များက ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း မိုးစပါးနှင့် နွေစပါးစိုက်ပျိုး/ ရိတ်သိမ်းနိုင်ခဲ့မှုအခြေအနေများ၊ ၂၀၂၅-၂၀၂၆ စိုက်ပျိုးရာတွင် မိုးစပါးပန်းတိုင် အထွက်နှုန်းရရှိရေး ရည်မှန်ချက်ထား၍ သွင်းအားစုများပံ့ပိုး၍ စိုက်ပျိုးလျက်ရှိသည့်အခြေအနေများ၊ အဓိကသီးနှံ (၁၀)မျိုး စိုက်ပျိုးသွားမည့် အခြေအနေများနှင့် ဆောင်းသီးထပ်ဆီထွက်သီးနှံ တိုးချဲ့/ စိုက်ပျိုးထုတ်လုပ်ရန် လျာထားမှုအခြေအနေများ၊ ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ ဆီစက်လုပ်ငန်းများ တိုးချဲ့ ဆောင်ရွက်နိုင်ခဲ့မှု အခြေအနေများနှင့် ခရိုင်အလိုက် မိုးစပါးစိုက်ဧကလျာထားချက်အတိုင်း တိုးချဲ့ စိုက်ပျိုးနိုင်မှုအခြေအနေများနှင့် ဆောင်းသီးထပ်အတွက် သွင်းအားစုလိုအပ်ချက်များအပေါ် အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ပံ့ပိုးဆောင်ရွက်သွားရမည့် ကိစ္စရပ်များနှင့် မြို့နယ်အလိုက် စိုက်ပျိုးနိုင်မှုအခြေအနေများအပေါ် စိစစ်သုံးသပ်၍ ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ထို့နောက် မေခခန်းမ၌ မန္တလေးငလျင်ဘေးဒဏ်သင့်ဒေသသို့ သွားရောက်ကူညီခဲ့ကြသော ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ စေတနာ့လုပ်အားရှင်များအား ဂုဏ်ပြုပွဲအခမ်းအနားကိုကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုလို မန္တလေးငလျင်ကြောင့် ထိခိုက်ခဲ့ရသည့် ပြည်သူများကို လူသားချင်းစာနာသော ကူညီထောက်ပံ့မှုများအား သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြသော ပြည်နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များအား ပြည်နယ်သူ/ ပြည်သူသားများကိုယ်စား အထူးပင်ကျေးဇူးတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မန္တလေးငလျင်သို့ သွားရောက်ခဲ့ကြသော ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ စေတနာ့လုပ်အားရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေကျပ် (၂၅)သိန်းကို ပေးအပ်ချီးမြှင့်ရာ ဦးအောင်ကျော်လင်း(ဒုတိယပြည်နယ်တပ်ဖွဲ့မှူး)က ငလျင်ဘေးဒဏ်သင့်ဒေသသို့ သွားရောက်ကူညီဆောင်ရွက်ပေးခဲ့သည့် အတွေ့အကြုံများနှင့် ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးတက္ကသိုလ် (မန္တလေး) ပထမနှစ်တက်ရောက်နေသော ကျောင်းသား မောင်ခမ်းမော်ဟုန်နှင့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (မန္တလေး) သို့ တက်ရောက်နေသော တတိယနှစ်ကျောင်းသား မောင်လတောင်းခမ်းလွန်းတို့ (၂) ဦးအတွက် ပညာသင်ထောက်ပံ့စရိတ်အဖြစ် ထောက်ပံ့ငွေကျပ် (၁၅)သိန်းစီဖြင့် ငွေကျပ်သိန်း (၃၀) ကို ကျောင်းသား မိဘများထံပေးအပ်ချီးမြှင့်ခဲ့သည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပပြုလုပ်ခဲ့ကြသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ကျင်းပပြုလုပ်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် Grade-12 ကျောင်းသား/ ကျောင်းသူများအား စခန်းသွင်းလေ့ကျင့်သင်ကြားပေးခြင်းများနှင့် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထို့အပြင် စာမေးပွဲမေးခွန်းလွှာများကိုလည်း စာစစ်ဌာနများသို့ လုံခြုံစွာအချိန်မီရောက်ရှိထားပြီးဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် အဖြေလွှာများကို အချိန်မီပို့ဆောင်နိုင်ရေး အားလုံးကအထူးအလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်ထွေးက စာမေးပွဲကျင်းပပြုလုပ်ရာတွင် အေးချမ်းတည်ငြိမ်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ဌာနဆိုင်ရာများနှင့် အဖွဲ့ အစည်းအားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူက စာမေးပွဲကာလအတွင်း အေးချမ်းတည်ငြိမ်စွာဖြေဆိုကျင်းပပြုလုပ်နိုင်ရေးအတွက် တပ်မတော်မှ ဆောင်ရွက်ပေးသွားမည့် လုံခြုံရေးဆိုင်ရာ အစီအမံများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမျိုးဆွေက မြို့နယ်များအလိုက် စာစစ်ဌာနများတွင် လုံခြုံရေးဆိုင်ရာအစီအမံများ စီစဉ်ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌများက သက်ဆိုင်ရာစာစစ်ဌာနများအလိုက် ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် စနစ်တကျအင်အားစုဖွဲ့၍ စာမေးပွဲဖြေဆိုစဉ်ကာလအတွင်း ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ ပါမောက္ခချုပ်နှင့် ပြည်နယ်ပညာရေးမှူးတို့က စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့မှုများအပေါ် အသေးစိတ်အစီအစဉ်များရှင်းလင်းတင်ပြသည်။
ထိုသို့ ရှင်းလင်းတင်ပြမှုများအပေါ် တိုင်းမှူးက ဖြည့်စွက်သုံးသပ်ရှင်းလင်းဆွေးနွေးပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က စာမေးပွဲအေးချမ်းတည်ငြိမ်စွာဖြင့် အောင်မြင်စွာကျင်းပပြီးစီးရေး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


