မြစ်ကြီးနား ဇွန် ၂၅
၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်အဖြစ် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ နှစ်စဉ် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ပြည်နယ်အစိုးရအဖွဲ့၏စီမံမှုဖြင့် စည်ပင်သာယာရေးအဖွဲ့က ကြီးမှူးကျင်းပလေ့ရှိရာ ယခုနှစ်တွင် သတ္တမအကြိမ်မြောက်အဖြစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့ နံနက် ၈ နာရီက မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်အတွင်းရှိ အေးမြသာယာအဆင့်မြင့်ဈေးရှေ့၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သစ်တောသစ်ပင်ဆိုသည်မှာ ကမ္ဘာမြေကြီး၏ သဘာဝပတ်ဝန်း ကျင်ကို စိမ်းလန်းစိုပြည် တည်တံ့စေရေးအရေးပါသည့် သယံဇာတအရင်းအမြစ်များဖြစ်သည့်အတွက် မိမိတို့အားလုံးက ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အတူမိမိတို့ပတ်ဝန်းကျင်တွင် အပင်များစိုက်ပျိုးခြင်းကြောင့် မိမိကိုယ်တိုင်သာမက မိမိပတ်ဝန်းကျင်အတွက်ပါ နောင်နှစ်ပေါင်းများစွာ အကျိုးရှိနေစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြည်သာယာလှပစေရေးအဖွဲ့အစည်းများ ဖွဲ့စည်းပြီး ဆောင်ရွက်လျက် ရှိသည့်အပြင် မြို့မိ/ မြို့ဖများ၊ ဒေသခံပြည်သူများက ဝိုင်းဝန်းဆောင်ရွက်ခြင်းဖြင့် မြို့သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်လာမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ မြစ်ကြီးနားမြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလှမိုးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို နှစ်အလိုက် မြို့တွင်း အဓိကလမ်းမကြီးများ ဘေးဝဲ/ယာတွင် စိုက်ပျိုးခဲ့မှု အခြေအနေများနှင့် မြို့ပြသန့်ရှင်းသာယာရေး၊ စိမ်းလန်းစိုပြည်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ယနေ့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးသွားမည့် အရိပ်ရပန်းပွင့်သည့် အပင်ကြီးမျိုးများဖြစ်သည့် သပြေဘူတ၊ ငုစပ်ချယ်ချီ၊ စိန်းပန်းပင် စသည်တို့ကို ဖြန့်ဝေပေးအပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့ထံ လည်းကောင်း၊ ပြည်နယ်စည်ပင်သာယာရေး အဖွဲ့ ညွှန်ကြားရေးမှူးနှင့် မြို့နယ်အမှုဆောင်အရာရှိတို့က ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာများ၊ မြစ်ကြီးနားတက္ကသိုလ်၊ ကချင်ပြည်နယ်အခမဲ့ဆေးဝါးကုသရေးဖောင်ဒေးရှင်း၊ ပန်းချစ်သူများအသင်းနှင့် တာဝန်ရှိသူများထံ ဖြန့်ဝေပေးအပ်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည် နယ်အဆင့်ဌာနဆိုင်ရာများ၊ သူနာပြု-သားဖွားနှင့် ပညာရေးဒီဂရီကောလိပ်တို့မှ သင်တန်းသား/ သင်တန်းသူများ၊ အရပ်ဘက်အသင်းအဖွဲ့များ၊ ရပ်ကွက်သူ/ ရပ်ကွက်သားများ၊ ဈေးသူ/ဈေးသားများက စုပေါင်း၍ သတ်မှတ်နေရာအသီးသီးတွင် တစ်ပျော်တစ်ပါးစုပေါင်းစိုက်ပျိုးပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့သစ်ပင်များနေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရွှေလမ်းမကြီးတစ်လျှောက် အမှတ်(၃၇)သွားလမ်းမှတစ်ဆင့် ဆွမ်ပရာဘွမ်လမ်းမကြီးအထိ လည်းကောင်း၊ မြို့ရှောင်လမ်း တစ်လျှောက် ပြည်ထောင်စုလမ်းမကြီးမှ ဘုမ္မောရပ်ကွက်၊ ကြာကန်အထိ လည်းကောင်း နှစ်ရှည် အရိပ်ရပင်နှင့် ပန်းအလှပင် အမျိုးအစား (၁၈)မျိုး စုစုပေါင်း ၁၃၄၂ ပင် စိုက်ပျိုးသွားမည်ဖြစ်သည့် အပြင် ယခုနှစ် မိုးရာသီတွင် စုစုပေါင်းပင်ရေ (၁)သိန်းကျော် စိုက်ပျိုးသွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် မြို့နယ်အမှုဆောင်အရာရှိက အေးမြသာယာအဆင့်မြင့်ဈေးနှင့် ရပ်ကွက်အတွင်းထားရှိဆောင်ရွက်သွားမည့် ဘေးအန္တရာယ်ရှိ အမှိုက်၊ အမှိုက်ခြောက်၊ အမှိုက်စိုနှင့် ပလပ် စတစ်အမှိုက်များ စနစ်တကျ ခွဲခြားစွန့်ပစ်နိုင်ရေးအတွက် အမှိုက်ပုံးနမူနာနှင့် အမှိုက်အမျိုးအစား ခွဲခြားစွန့်ပစ်နိုင်ရေး လက်တွေ့သရုပ်ပြသမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၃) အခြေခံပညာအထက်တန်း ကျောင်း မဉ္ဇူသကခန်းမ၌ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနက ကြီးမှူးကျင်းပပြုလုပ်သည့် အမှိုက်ခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲနှင့် အခြေခံပညာကျောင်းများသို့ နမူနာအမှိုက်ပုံးများ ပေးအပ်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်း စွန့်ပစ်ပစ္စည်းအန္တရာယ်မှ ကင်းဝေစေရန်အတွက် ရေရှည်တည်တံ့ကောင်းမွန်သည့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်ရာတွင် အမှိုက်စို၊ အမှိုက်ခြောက်၊ ပလပ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိ အမှိုက်စသည်တို့ကို ခွဲခြားစွန့်ပစ်သည့် အလေ့အကျင့်ကောင်းတွေ လက်တွေ့ကျင့်သုံးဆောင်ရွက်နိုင်ရန်နှင့် အမှိုက်ပုံးများအပါအဝင် လိုအပ်သည်များကို စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် ယနေ့ သရုပ်ပြပွဲကတစ်ဆင့် အမှိုက်ခွဲခြားစွန့်ပစ်တတ်သည့် အလေ့အကျင့်ကောင်းများကို နေ့စဉ်ဘဝတွင် လက်တွေ့ကျင့်သုံးနိုင်ရန် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးဆောင်ရွက်သွားကြ ရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ် သယံဇာတရေးရာဝန်ကြီးက အမှိုက်ခွဲခြားစွန့်ပစ်ခြင်းနှင့် စပ်လျဉ်း၍ အလေးထားလိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များကို လည်းကောင်း၊ ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးက အမှိုက်ခွဲခြားစွန့်ပစ်မှုနှင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို လည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အမှိုက်ခွဲခြားစွန့်ပစ်ရမည့် နမူနာအမှိုက်ပုံးများကို အခြေခံပညာကျောင်းများသို့ ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က အထက်တန်းကျောင်း (၂)ကျောင်းအတွက် လည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးတို့က အလယ်တန်းကျောင်း (၂) ကျောင်းနှင့် မူလတန်းကျောင်း (၂)ကျောင်းတို့အတွက် လည်းကောင်း အသီးသီးပေးအပ်ခဲ့ကြပြီး အခြေခံပညာကျောင်းသား/ ကျောင်းသူလေးများ၏ အမှိုက်ခွဲခြားစွန့်ပစ်မှု သရုပ်ပြသမှုကို ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်ပြေးခုန်ပစ်အသင်းနည်းပြ၊ အုပ်ချုပ်သူများနှင့် အားကစားသမားများအား အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားတွင် လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် လက်ရွေးစင်အားကစားသမားများကို ဂါဝရပြုမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ကချင်ပြည်နယ်အနေဖြင့် အားကစားအားလုံးအနက် ပြေးခုန်ပစ်အားကစားနည်းသည် အားအနည်းဆုံးဖြစ်သော်လည်း ၂၀၂၂ ခုနှစ်မှ စတင်၍ ဆုတံဆိပ်များကို ပြန်လည်ဆွတ်ခူးရရှိပြီဖြစ်ပါကြောင်း၊ ယခုယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်အသင်းအနေဖြင့် ပြိုင်ပွဲစည်းမျဉ်းများကို ရိုးသားစွာလိုက်နာပြီး ညီညွတ်စွာ ဖြင့် မဆုတ်မနစ်သောဇွဲ့လုံလတို့ဖြင့် ကြိုးစားယှဉ်ပြိုင်ခြင်းဖြင့် ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အားကစားသမားများထံ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ငွေကျပ် (၁၅) သိန်းကို ပေးအပ်ချီးမြှင့်ရာ အသင်းနည်းပြနှင့် တာဝန်ရှိသူတို့က ကျေးဇူးတင်စကားနှင့် အောင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ရွေးစင်အသင်းအား ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ တာဝန်ရှိသူများက ယမန့်နေ့ ည ၆ နာရီတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး မေခခန်းမ၌ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၅)ခု ရရှိခဲ့သည့်အပြင် အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန်စိုက်ဆုနှင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် ကချင်ပြည်နယ် လက်ရွေးစင်ဂျူဒိုအသင်းအား ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က အောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းအား ယခုလို ဂုဏ်ပြုအမှာစကားပြောခွင့်ရသည့်အတွက် ဂုဏ်ယူပါကြောင်း၊ ပြည်နယ်ဂုဏ်ဆောင် ဂျူဒိုမောင်မယ်များအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဂျူဒိုပြိုင်ပွဲတွင် ရွှေတံဆိပ်(၅)ခု၊ ငွေတံ ဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၅)ခု စုစုပေါင်း ဆုတံဆိပ် (၁၂)ကို ဆွတ်ခူးရရှိခဲ့ပြီး ပြည်နယ်၏ ဂုဏ်ကို တစ်နိုင်ငံလုံးတွင် အမြင့်မားဆုံးစွမ်းဆောင်နိုင်ခဲ့ကြသည့်အတွက် ပြည်နယ်သူ/ ပြည်နယ်သား များကိုယ်စား အတိုင်းမသိ ဝမ်းသာဂုဏ်ယူပါကြောင်းနှင့် ဂျူဒိုမောင်/ မယ်များ၏ ကြိုးစားအား ထုတ်မှု ရဲစွမ်းသတ္တိနှင့် ဇွဲ၊ လုံလတို့ကို ဂုဏ်ယူသည့်အပြင် ချီးမြှင့်ထိုက်သူများကို ချီးမြှင့်ခြင်းပင်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ထို့နောက် အောင်ပွဲရလက်ရွေးစင်ဂျူဒိုအသင်းနည်းပြက ပြိုင်ပွဲအတွေ့အကြုံများနှင့် ဆုတံဆိပ်များ၊ ဆုဖလားများ ရရှိခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး လက်ရွေးစင်ဂျူဒိုအသင်းအတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြည်နယ်အစိုးရအဖွဲ့က ချီးမြှင့်သည့် လက်ရွေးစင်အသင်း၏ နိုင်ပွဲစုစုပေါင်း (၄၅)ပွဲ အတွက် ငွေကျပ် (၂၂၅၀၀၀၀၀)၊ စုပေါင်းတံခွန်စိုက်ဆုအတွက် ငွေကျပ်သိန်း (၁၀၀)၊ အမျိုးသမီး တံခွန်စိုက်ဆုအတွက် ငွေကျပ်သိန်း (၁၀၀) အပါအဝင် ခတ(၂) ယောက်တွဲ၊ အသင်းလိုက်နှင့် တစ်ဦးချင်း ရွှေတံဆိပ်ဆု၊ ငွေတံဆိပ်နှင့် ကြေးတံဆိပ်ရရှိသူများ၊ အားကစားသမားများအနက် မဆောင်ယုံ၏ ကျောက်ကပ်ရောဂါကုသနိုင်ရေးနှင့် Grade-12 မဖြေဆိုဘဲ ကြိုးစားပါဝင်ယှဉ်ပြိုင်ခဲ့သည့် မတင်ဇာမြင့်တို့အတွက် လည်းကောင်း၊ ဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များက ချီးမြှင့်ငွေများကို လည်းကောင်း စုစုပေါင်းချီးမြှင့်ငွေကျပ် (၅၉၃၀၀၀၀၀)ကို အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြရာ အမျိုးသမီးအကောင်းဆုံးဆုရသူက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အောင်ပွဲရ ဂျူဒိုအသင်း နည်းပြ၊ အုပ်ချုပ်သူ၊ ကစားသမားများ၊ ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများနှင့်အတူ ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သိရသည်။












