ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ကျင်းပပြုလုပ်သည့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်

မြစ်ကြီးနား   ဇူလိုင် ၂

         ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် မြစ်ကြီးနားတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ ဘောလုံးကွင်းအနီး မြေကွက်လပ်၌ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ဇူလိုင် ၂ ရက် နံနက် ၇ နာရီခွဲက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

          ရှေးဦးစွာ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြေရေး၊ သဘာဝဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်ရန်ဆိုသည့် လုပ်ငန်းလမ်းစဉ်အပေါ် ယနေ့ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပခြင်းပင်ဖြစ်ပါကြောင်း၊ ထို့အပြင် အမျိုးသမီးများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေး၊ ဥပဒေနှင့်အညီ အကာအကွယ်အပြည့်အဝရရှိစေရေး၊ အမျိုးသားရေးယဉ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် အမျိုးသမီးများ၏ အခန်းကဏ္ဍသည် ကြီးမားကျယ်ပြန့်ပါကြောင်း၊ သို့ဖြစ်ပါ၍ အမျိုးသမိးရေးရာအဖွဲ့အဆင့်ဆင့်၏ လုပ်ငန်းတာဝန်များ အောင်မြင်ရန် ညှိနှိုင်းပေါင်းဆောင်ရွက်ပေးရမည်ဖြစ်သည့်အပြင် မြန်မာအမျိုးသမီးများ၏ အခန်းကဏ္ဍကို ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရာသက်ပန်ရေရှည်တည်တံ့ခိုင်မြဲစေရေး မိမိတို့အားလုံးက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးသွားမည့် ပျိုးပင်များအား ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဝေဝေတို့ထံ စုပေါင်းစိုက်ပျိုးနိုင်ရေး ဖြန့်ဝေပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်နန်ဆိုင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် များ၊ မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများနှင့်အတူ သတ်မှတ်နေရာအသီးသီးမှ ပျဉ်းကတိုး (၂၀၆) ပင်၊ တမလန်း (၂၀၇) ပင်၊ ယမနေ (၂၀၀) ပင်၊ ရေပိတုန်း (၁၃၀) ပင်နှင့် စကားဝါ (၂၀၇) ပင် စသည့် အရိပ်ရအပင်ကြီး မျိုး (၉၅၀) ပင်တို့အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်စိုက်ပျိုးပေးကြသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြကာ နံနက်စာမုန့်နှင့်ရေသန့်ဘူးများကို ပေးအပ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ကျောင်းဝင်းအတွင်း စိုက်ပျိုးထားသည့် သစ်ပင်များ ရှင်သန်မှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။